ဧရာဝတီတိုင်းမ်
ဇလပ်ဖြူ / နိုဝင်ဘာလ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ထဲတွင် အမျိုးသမီးများ ပန်းမပန်ရ၊ ပန်းမဝယ်ရ၊ ပန်းမရောင်းရ ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက တားမြစ်ပိတ်ပင်ခဲ့ပြီး တွေ့ရှိပါက ငွေဒဏ်၊ထောင်ဒဏ် သို့မဟုတ် နှစ်မျိုးလုံးဖြင့် အရေးယူမည်ဟုစစ်ကောင်စီက အမိန့်ထုတ်ထားကြောင်း ကလေးမြို့ဒေသခံ များထံက သိရသည်။

ကလေးမြို့နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသများတွင် အထိုင်ချထားသော စစ်ကောင်စီတပ်စခန်း၊ရဲစခန်းများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ဖျက်ဆီးခဲ့အပြီး ကာကွယ်ရေးတပ်ဖွဲ့များ၏ အပြန်လမ်းတွင် ပြည်သူများကသပြေပန်းများဖြင့် ကြိုဆိုနေကြသည့် ဓာတ်ပုံနှင့် ဗီဒီယိုရုပ်သံများ လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ပြန်နှံ့ခဲ့ပြီးနောက် စစ်ကောင်စီက ကလေးမြို့ထဲတွင် ထိုကဲ့သို့ တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ကလေးမြို့ဒေသခံတစ်ဦးက ဆိုသည်။

“အခုတလော စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်နေတော့ ဒီကောင် (စစ်ကောင်စီတပ်) တွေ တော်တော်ကိုအလန့်တကြားဖြစ်နေတာ။ မြို့ထဲမှာ ပန်းနဲ့ပတ်သက်ပြီး ဘာမှမမြင်ချင်ကြတဲ့ပုံပဲ။ အထူးဖြင့် သပြေပန်းပေါ့။အခုလည်း ကလေးမြို့ထဲကနေ ကလေးမြောက်ပိုင်း ရာဇဂြိုလ်ဖက်ကိုသွားတဲ့ တာဟန်း AG ဘုရားကျောင်း အနောက်ဖက် ဒိုးဝိုင်းချောင်းလမ်းတွေမှာ အမြဲလိုလို အင်အားအများအပြားနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးရေးတွေတင်းကြပ်နေတယ်” ဟု ကလေးမြို့ဒေသခံ လူငယ်တစ်ဦးက
ပြောသည်။

စစ်ကောင်စီတပ်သည် ယခုရက်သတ္တပတ်အတွင်း ကလေးမြို့တာဟန်း AG ဘုရားကျောင်းရှေ့နှင့် နောက်၊ တာဟန်းမီးပွိုင့်၊ ကိုးမိုင်ရပ်ကွက် စသည့်နေရာများတွင် လုံခြု့ရေးတင်းကြပ်လျက်ရှိကာ လမ်းသွားလမ်းလာများ၏ ဆိုင်ကယ်တူးဘောက်၊ လက်ကိုင်အိတ်၊လက်ကိုင်ဖုန်းများကို တင်းကြပ်စွာ စစ်ဆေးနေသည်ဟု သိရသည်။

ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် သပြေညို လှုပ်ရှားမှုအဖြစ် တော်လှန်ရေးအင်အားစုများကို သပြေပန်းဖြင့် ကြိုဆိုမည့် ထောက်ခံ လှုပ်ရှားမှုတစ်ခုကို နိုင်ငံတဝန်းတွင် ပြည်သူလူထုက ပုံစံမျိုးစုံဖြင့် ပြုလုပ်ခဲ့ကြသည်။

#ကလေးမြို့ #အမျိုးသမီး #ပန်းမဝယ်ရ #ပန်းမပန်ရ #စစ်ကောင်စီ #အမိန့်ထုတ်
#Ayeyarwaddy_Times