ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ နိုဝင်ဘာလ ၁၁ ရက်

ကရင်နီပြည်နယ်တွင် ယနေ့နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၆ နာရီ ၃၀ ဝန်းကျင်မှ စတင်ခဲ့သည့် ထိုးစစ်များအတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနှင့် နန်းစံခမ်းတို့ရှိ စစ်ကောင်စီလက်အောက်ခံ စခန်း ၇ ခုကို သိမ်းပိုက်ရရှိထားပြီး ကျန်စခန်းများကို ရရှိနိုင်ရန်လည်း ဆက်လက်တိုက်ပွဲဝင်နေကြောင်း ညီနောင်မဟာမိတ် သုံး ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ညီနောင်မဟာမိတ် သုံး ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူပါဝင်သည့် အနေဖြင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ လွိုင်ကော်မြို့နှင့်အနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီစခန်းများကို ယနေ့နံနက်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကိုးကန့်နှင့် တအာင်းဒေသများအတွင်း ညီနောင်မဟာမိတ် သုံး ဖွဲ့နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက ၎င်းတို့လက်လွှတ်ခဲ့ရသည့် စခန်းကုန်းများကို ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းနေပြီး မြေပြင်တွင် အသာစီးရယူနိုင်ခြင်းမရှိသည့်အတွက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ကွမ်းလုံ၊ လောက်ကိုင်၊ နောင်ချိုဒေသများဘက်တွင် တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ကျော်ပြုလုပ်နေပြီး အချို့ရက်များတွင် ကွမ်လုံမြို့တစ်မြို့ထဲတွင်ပင် တစ်ရက်အတွင်း လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၉၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် “၁၀၂၇ စစ်ဆင်ရေး” နှစ်ပါတ်ကျော်ကြာကာလအတွင်း မြို့ပေါင်း ၁၁ မြို့ကို သိမ်းယူထားနိုင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းပေါင်း ၁၆၀ ကိုသိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိထားကြောင်း သိရသည်။

#ကရင်နီ #၁၀၂၇စစ်ဆင်ရေး #ညီနောင်မဟာမိတ်သုံးဖွဲ့ #မြို့သိမ်းတိုက်ပွဲ #Ayeyarwaddy_Times