ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ နိုဝင်ဘာလ ၁၁ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် မောရဝတီရေတပ်မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား နှစ်ဦး ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိထားကြောင်း ဒေသခံများထံမှသိရသည်။

နိုဝင်ဘာလ ၅ ရက် နေ့လည် ၃ နာရီခန့်အချိန်က ကံပေါက်ဒေသ၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယကျေးရွာ သျှားကုန်း တွင် အထိုင်ချတပ်စွဲထားသော မောရဝတီ ရေတပ် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သား နှစ်ဦးသည် ဆိုင်ကယ် နှင့် ထွက်ပြေးသွားခဲ့ရာ ရေဖြူမြို့နယ်၊နဘုလယ်ဒေသ ဘဝါကျေးရွာအနီးရှိ သဗြေရွာတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ က သူတို့ ကို စစ်ကောင်စီတပ်သားမှန်းလည်းမသိဘူး။ဆိုင်ကယ် နဲ့ နှစ်ယောက်စီးပြီး အရှိန်နဲ့မောင်းလာကြတာ။မသင်္ကာ လို့ စစ်ဆေးဖို့ ရပ်တန့်စေခဲ့ရာ မရပ်ပဲနဲ့ မောင်းပြေးသွားတယ်။ နောက်ကနေပြီး ကားနဲ့ လိုက်ပြီး ထပ်လိုက်ဖမ်းရတယ်။တော်တော် ဝေးဝေးကို ရောက်မှ ပြန်ဖမ်းမိခဲ့တယ်။လက်နက်တော့ မပါလာခဲ့ဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သား နှစ်ဦးထွက်ပြေးသွားသည့် နေ့မှစ၍ ပယကျေးရွာ သျှားကုန်းတွင် အထိုင်ချတပ်စွဲထားသော မောရဝတီရေတပ် မှ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် တပ်သား တစ်ဦးမျှ မရှိတော့ကြောင်း ဒေသခံ တစ်ဦးကပြောသည်။

“အဲဒီ စစ်ကောင်စီတပ်သား နှစ်ဦးထွက်ပြေးတဲ့ နေ့ကတည်းက ဂိတ်မှ တစ်ကောင်မှ မရှိတော့ဘူး။အကုန်လုံးကို စစ်ကားနဲ့ လာခေါ်သွားတယ်။ပြီးတော့ အဲဒီထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးရဲ့ ဓာတ်ပုံတွေကို စစ်တပ်တွေက ပြပြီး လမ်းသွားလမ်းလာတွေကိုမေးနေကြတယ်။ သူတို့ နှစ်ဦး ကို သိလား။လမ်း မှာတွေ့မိလား။သူတို့ နှစ်ဦးကို တွေ့ ရင် အကြောင်းကြားပေးပါ”ဟု ပြောဆိုခဲ့ကြောင်း ပယကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သား နှစ်ဦးထွက်ပြေးသည့်နေ့မှစ၍ ကံပေါက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများကို နေရာအနှံ့တွင် စစ်ဆေးမှုများ တင်းကျပ်စွာပြုလုပ်ခဲ့ပြီး ကင်းပုန်းဝပ်ကာ ရှာဖွေခြင်းများ လည်းပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်သား နှစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ရှိ တပ်ရင်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး နိုင်ငံတစ်ကာ စစ်သုံ့ပန် စည်းးမျဥ်းစည်းကမ်းနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ-ဖမ်းဆီးရမိသည့် မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သား။

#မောရဝတီရေတပ် #ထွက်ပြေး #စစ်ကောင်စီ #တပ်သား၂ဦး #ပြည်သူ့ကာကွယ်ရေး တပ် #ဖမ်းဆီးရမိ #Ayeyarwaddy_Times