ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၄ ရက်
စစ်ကောင်စီက အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာမှာ ရုပ်ရှင်ရုံတွေပြန်ဖွင့်ဖို့အတွက် ညွှန်ကြားခဲ့လို့ ရုပ်ရှင်ရုံ တွေပြန်ဖွင့်ခဲ့ပေမယ့် ကြည့်သူအရေအတွက်မရှိသလောက်နည်းပါးတာကြောင့် ရပ်နားရမယ့်အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီကရုပ်ရှင်ရုံတွေပြန်ဖွင့်ဖို့ညွှန်ကြားခဲ့ပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံပေါင်း ၁၀၀ ကျော်မှာ ရုံပေါင်း ၂၀ ကျော်လောက်သာ လုပ်ငန်းလည်ပတ်နိုင်ပြီး ကျန်တဲ့ရုံတွေက အဖွင့်ပြထားတဲ့သဘောသာ လုပ်ထားရတာလို့ ရုပ်ရှင်အသိုင်းဝိုင်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။
“ အများဆုံးပြန်ဖွင့်ထားတာ ရန်ကုန်မှာများတာပေါ့ နယ်ရုံတွေက အဲ့လောက်အလုပ်မဖြစ်တော့ဘူး ဒါပေမယ့် ရန်ကုန်ရုံတွေလည်း ကြည့်တဲ့သူမရှိသလောက်နည်းတော့ ဘယ်လိုမှမကိုက်တော့ဘူး ခုတော့ နားဖို့စီစဉ်နေ တာမျိုးတွေရှိတယ်”လို့ ရုပ်ရှင်အသိုင်းဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ရန်ကုန်မှာပြန်လည်ဖွင့်လှစ်ထားတဲ့ ရုပ်ရှင်ရုံအများစုမှာလည်း ရုပ်ရှင်မပြသခင်ကြိုပြီး မေတ္တာလက်မှတ်တွေ လိုက်ဝေပေးတာတွေပြုလုပ်ကာ ပရိတ်သတ်ပြန်လာအောင် ခေါ်ပေမယ့် လာကြည့်မယ့်သူ မရှိသလောက် နည်းပါးနေတာလို့ ဆိုပါတယ်။
ကိုဗစ်ကာလကစတင်က ပိတ်ထားခဲ့ရတဲ့ ရုပ်ရှင်ရုံတွေကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြန်ဖွင့်ဖို့ခွင့်ပြု ခဲ့ပေမယ့် စတင်ပိတ်တဲ့ကာလကစပြီး ရုပ်ရှင်လောကသားတွေ စီးပွားရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ပြန်ဖွင့်ချိန်မှာလည်း ကြည့်သူနည်းလို့ အရှုံးပေါ်တာများတာကြောင့် ရုံတွေရပ်နားဖို့ စီစဉ်နေကြတာလို့ သိရပါတယ်။