ဇလပ်ဖြူ /ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ စက္ကန့်ကျေးရွာကို ပြီးခဲ့သည့် အောက်တိုဘာ ၇ရက်နေ့မှ စတင်ဝင်ရာက်စီးနင်းခဲ့သော စစ်ကောင်စီတပ်သည် တစ်လကျော်ကြာသည့်အထိ ရွာကိုမီးရှို့ဖျက်ဆီး လျက်ရှိနေပြီး ဒေသကာကွယ်ရေးတပ်များနှင့်မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ဒေသခံ ၅၀၀၀ ကျော်မှာ နေရပ်သို့မပြန်နိုင်သေးကြောင်း သိရသည်။

စစ်ကောင်စီ တပ်သည် စက္ကန့်ရွာကို နေ့စဥ်ရက်ဆက် မီးရှို့နေခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်းများနှင့် ဘာသာရေးဆိုင်ရာ ဆုတောင်းဆောင်များကိုလည်း မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ စက္ကန့်ရွာထဲရှိ ဘာသာရေးအဆောက်အဦးများအပါအဝင် လူနေအိမ်များကိုနေ့ရောညပါ မီးရှို့ခဲ့သည့်အတွက် အိမ်ခြေ (၉၀၀) ခန့်ရှိသည့် စက္ကန့်ကျေးရွာသည် (၇၀) ရာခိုင်နှုန်းခန့် ပြာကျသွားကြောင်း သိရသည်။

စက္ကန့်ကျေးရွာနှင့် အနီးနားရှိ ရှားတော၊ဆင်တော၊ စီးစံ၊မြောင်းဆုံ၊ အနောက်စံသာ၊ လေးအိမ်စု၊သုံးအိမ်စု စသည့် ကျေးရွာနေ ပြည်သူများသည် ရွာလုံးကျွတ် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကလေးနယ် စစ်ဘေးရှောင် ကူညီရေးတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ဒီနှစ်အစောပိုင်း ဇန်နဝါရီလ ၅ရက်နဲ့ ၆ရက်နေ့က နှစ်ရက်တိတိ စက္ကန့်ရွာကို စစ်ကောင်စီက မီးရှို့ခဲ့ကြသေးတယ်။ စပါးကျီတွေ၊လယ်ယာလုပ်ငန်းသုံးကိရိယာတွေအပါအဝင် လူနေအိမ်၈၉လုံး မီးထဲပါသွားသေးတယ်။ အဲ့တုန်းကလည်း ပြေးရတာပဲ။သူတို့ပြန်ထွက်တော့မှ ရွာထဲပြန်ဝင်ပြီး ကိုယ့်အိမ်ကိုယ်ရင်တမမနဲ့ ပြန်ရှာရတာ။ ပြာကျသွားတဲ့ အိမ်တွေကတော့ ငိုကြပေါ့။အခုတစ်ခေါက်ကတော့ ဒီကောင်တွေတောာ်တော် ကြာနေပြီ။ပြန်မထွက်ကြသေးဘူး။ရွာကိုစီးနင်းထားတယ်။ နေ့ရောညရော ရှို့နေတာပဲ။ ရွာထဲမှာ အခြနေတွေမငြိမ်သေးတော့ နေအိမ်ပျက်စီးမှုစာရင်း အတိအကျတော့မသိရသေးဘူး” ဟု စက္ကန့်ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

တိမ်းရှောင်ထွက်ပြေးလာကြသည့် ဒေသခံများသည် အိန္ဒိယ မီဇိုရမ်ဘက်သို့လည်းကောင်း၊ ကလေးမြို့ပေါ်သို့လည်းကောင်း တိမ်းရှောင်သွားကြပြီး အများစုကို ဘာသာရေးအဖွဲ့အစည်းတစ်ခုက လုံခြုံစိတ်ချရသည့်နေရာတွင် စောင့်ရှောက်ထားသည်ဟုလည်း စစ်ရှောင်ကူညီသူက ပြောသည်။

“စိတ်ပိုင်း၊ရုပ်ပိုင်း သိပ်ကိုခက်ခဲကြပါတယ်။အများစုက ရွာပြန်လို့ရရင်တောင် ပြန်နေစရာ အိမ်မရှိကြတော့ဘူး။ တစ်ချို့ကတော့ စစ်ကောင်စီကသတ်လိုက်လို့ ဆွေမျိုးသားချင်းတွေလည်းဆုံးရှုံးထားရတယ်။ ကျွန်တော်တို့ အနေနဲ့ ကိုယ်တတ်နိုင်သက်လောက် ကိုယ့်အသင်းတော်သားတွေဆီကနေ တစ်အိမ်ကို ငွေဘယ်လောက်၊ဆန်ဘယ်လောက် စသဖြင့် ဝိုင်းဝန်းစုဆောင်းပြီး ကျွေးမွေးစောင့်ရှောက်ပါတယ်။ ဒါပေမယ့် လူနှစ်ထောင်ကျော်ကို နေ့တိုင်းကျွေးဖို့ဆိုတာ မလွယ်လှပါဘူး။ အဲ့ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ သတင်းစကားကို ကြားနိုင်မယ့် ရပ်နီးရပ်ဝေးက လူတွေကို တတ်နိုင်တဲ့နည်းနဲ့ ကူညီပေးကြဖို့ ယေရှုနာမ၌ မေတ္တာရပ်ခံတယ်လို့ ပြောချင်ပါတယ် ” ဟု စစ်ရှောင်ကူညီသူ ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၇ရက်နေ့က စက္ကန့်ကျေးရွာနေ ဒေသခံမြေးအဖွားနှစ်ဦးကို PDF ထောက်ပံ့သည်ဟု စွပ်စြွသတ်ဖြတ်ပြီး အလောင်းကိုမီးရှို့ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

၂၀၂၁ခုနှစ် ဖေဖာ်ဝါရီလမှစတင်ကာ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ နိုင်ငံတဝှမ်း စစ်ကာင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်စုစုပေါင်း ၇၆,၉၂၃ လုံးမီးလောင်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းသည် ၅၈,၃၉၇ လုံးဖြင့် အများဆုံးဖြစ်သည်ဟု Data For Myanmar က နိုဝင်ဘာ ၈ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရသူ အရပ်သားဦးရေ နှစ်သန်းနီးပါးရှိနေပြီဟုလည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူး ရုံး UN OCHA ၏ အောက်တိုဘာလထုတ် အစီရင်ခံစာတွင်ဖော်ပြထားသည်။

#စစ်ကောင်စီ #တိုက်ခိုက်မှု #ကလေးမြို့တောင်ပိုင်း #အိုးအိမ်စွန့်ခွာထွက်ပြေး #ဒေသခံ #၅၀၀၀ #နေရပ်မပြန်နိုင် #Ayeyarwaddy_Times