ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ နိုဝင်ဘာလ ၁၁ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် အစောပိုင်းအချိန်မှ စတင်ပြီး လွိုင်ကော်မြို့နှင့်အနီးဝန်းကျင်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရှိရာနေရာများတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ယခုအခါ လွိုင်ကော်မြို့ပါတ်လည်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး လွိုင်ကော်တက္ကသိုလ်၊ နာနတ်တောရပ်ကွက်၊ ဘာဒိုရွာ အနီးဝန်းကျင်တွင် ထိတွေ့တိုက်ပွဲ ပိုမိုပြင်းထန်နေကာ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘာဒိုရွာအတွင်း လက်နက်ကြီး ထိမှန်သူများရှိနေကြောင်းလည်း ဒေသခံများထံက သိရသည်။

“လက်နက်ကြီးသံတွေကတော့ ဆက်တိုက်ကြားနေရတယ်။ ဘာဒိုထဲမှာတော့ ပြည်သူတွေပိတ်မိနေကြတယ်။ လူမှုကူညီရေးအဖွဲ့တွေကလည်း လာကယ်ဖို့က ဖြတ်မရဘူးဖြစ်နေတယ်။ လွိုင်ကော်မြို့ထဲကသူတွေလဲ ထွက်ဖို့က မြို့ပတ်ပတ်လည်တိုက်ပွဲဖြစ်နေတော့ ပိတ်မိနေကြတယ်။ လေယာဉ်လာဝဲဝာာလည်း နှစ်ကြိမ်ရှိနေပြီ ” ဟု လွိုင်ကော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် လွိုင်ကော်တက္ကသိုလ်တွင် အထိုင်ချထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး လွိုင်ကော်အခြေစိုက် အမြောက်တပ်ကလည်း လက်နက်ကြီးပစ်ကူများ ပေးနေကြောင်း သိရသည်။

ကရင်နီပြည်နယ်အတွင်း လတ်တလော စစ်ရေးအခြေအနေများအရ လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော်-ဆီဆိုင် လမ်းမကြီးများကို အသုံးပြု၍ သွားလာခြင်းမပြုကြရန် KNDF ကထုတ်ပြန်ထားသည်။

ထို့ပြင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း၊ မလိုအပ်ပါက နေအိမ်ပြင်ပ ထွက်၍သွားလာခြင်းများ မပြုလုပ်ကြရန်နှင့် လုံခြုံသောနေရာများတွင် နေထိုင်ကြရန်လည်း သတိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ယက်
#လွိုင်ကော် #မြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီ #ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ #Ayeyarwaddy_Times