ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၀ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ယာဉ်စည်းကမ်းအကြောင်းကာ စစ်ကောင်စီတပ်ဖွဲ့မှ နေ့စဉ်ဖမ်းဆီစစ်ဆေးနေမှုကြောင့် အခြေခံသင်္ဘောကျင်း အလုပ်သမားများမှာ အလုပ်သွားရန်ခက်ခဲမှုရှိနေကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့ရှိ နာရီစင် အဝိုင်းပတ်နေရာမှ အမှတ် (၂)တံတားအပေါ်အထိ စစ်ကောင်စီတပ်၊ ယာဉ်ထိန်းရဲအဖွဲ့မှ နိုဝင်ဘာလ၃ရက်နေ့ကစ၍ ယာဉ်စည်းကမ်းအကြောင်းပြဖမ်းဆီးစစ်ဆေးကာ ဒဏ်ကြေးပေးဆောင်ခိုင်းမှုရှိနေကြောင်းမြို့ခံများထံကသိရှိရသည်။

“နာရီစင်အဝိုင်းပတ်ကနေ အမှတ် ၂ တံတားအထိကို ယာဉ်ထိန်းနဲ့ စစ်တပ်တွေပိတ်ဖမ်းနေတာ။ လိုင်စင်တောင်းတယ်။ ဖုန်းတွေပါယူကြည့်တယ်။တဖက်ကမ်း အမှတ် ၉ ရပ်ကွက် ဘက်ကိုသွားတဲ့သူတွေဆိုအဆင်မပြေကြဘူး။ သင်္ဘောကျင်း အလုပ်သမားတွေဆိုတဖတ်ကမ်းကူးဖို့ဒုက္ခရောက်တယ်” ဟုပုသိမ်မြို့ခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းသို့ စစ်ဆေးဖမ်းဆီးမှုကြောင့် ပုသိမ်မြို့တဖတ်ကမ်း အမှတ် ၉ နှင့် အမှတ်၁၀ ရပ်ကွက်ရှိ သဘ်ောကျင်းတွင် အလုပ်လုပ်ကိုင်သူများမှာသွားလာရန်ခက်ခဲမှုရှိနေကြောင်း အလုပ်သမားများကပြောဆိုသည်။

“အလုပ်မသွားခင်စစ်ဆေးရေးနဲ့တိုးရင် ဒုက္ခရောက်ရောဗျ။ ယာဉ်လိုင်စင်စစ်ရုံမကဘူး လူလိုင်စင် ဖုန်းပါယူစစ်တာ။ အလုပ်နောက်ကျတာများလာတော့အဆင်မပြေတော့ဘူး။အလုပ်ဒီထက်နောက်ကျရင် အထုတ်ခံရတော့မယ်” ဟု သင်္ဘောကျဉ်းအလုပ်သမားတစ်ဦးကဆိုသည်။

ပုသိမ်မြို့အတွင်း၌ ပြီခဲ့သည့်စက်တင်ဘာလမှစ၍ မြို့တွင်းနာရီစဉ်အဝိုင်းပတ်နေရာ နှင့် အမှတ် ၁ တံတား ၊ အမှတ် ၂တံတား နေရာတို့၌ စစ်ကောင်စီတပ်နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်အချို့မှ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအကြောင်းပြ၍ စစ်ဆေးမှုများ ပြုလုပ်ကာ ငွေကျပ်၃၀၀၀၀ ထက်မနည်း တောင်းခံနေကြောင်း သိရသည်။

#ပုသိမ်တွင် #စစ်ကောင်စီ #ဆိုင်ကယ် #နေ့စဉ်ဖမ်းဆီးမှု #သင်္ဘောကျင်း #အလုပ်သားများ #အလုပ်သွားလာရန်အခက်ကြုံ #Ayeyarwaddy_Times