
ဧရာဝတီတိိုင်းမ်
နိုဝင်ဘာလ ၁၀ ရက်
စစ်ကောင်စီလက်ထက် ကြီးမြင့်သော ကုန်စျေးနှုန်းနှင့် ရရှိသောလစာ တွက်ခြေမကိုက်သည့်အတွက် ပညာရေး ဝန်ထမ်းများ အပါအဝင် ဝန်ထမ်းအမြောက်အများ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်နေကြကြောင်း ဒေသခံများထံမှသိရသည်။
“ကုန်စျေးနှုန်းက အရင်ကထက် သုံးဆလောက်အထိတတ်တယ်။ စစ်ကောင်စီက ဝန်ထမ်းတွေအပေါ်ပြန်ကြည့်တာ ဘာရှိလည်း အရင်က အမေစုလက်ထက်မှာ ပေးထားတဲ့ ဝန်ထမ်းထောက်ပံ့ငွေတွေတောင်ပြန်တောင်းနေတာ အရင်ကပေးတဲ့လစာနဲ့ အခုကုန်စျေးနှုန်းဘယ်လိုရပ်တည်မလဲ။ ဒါကြောင့်အကုန်နိုင်ငံခြားထွက်ကြတာ ဟိုမှာကျွန်ခံရလည်း ဒီမှာ ထက်တော့လစာရသေးတယ် မိသားစုကိုထောက်ပံ့နိုင်သေးတယ် “ဟု ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသော ဝါးခယ်မမြို့နယ်မှ ဝန်ထမ်းဟောင်း တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီမှ ဧရာဝတီတိုင်းအတွင်းမှ CDM ဝန်ထမ်းများကို ခြိမ်းခြောက်၍ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်စေခြင်းများရှိသကဲ့သို့ CDM အရာရှိများကို ရာထူးမှ ထုတ်ပယ်ပြီး ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့သည်။ အခြားတစ်ဖက်တွင်လည်း Non CDM ဝန်ထမ်းများအား လစာတိုးပေးမည်ဟု မက်လုံးပေးခဲ့သော်လည်း လက်တွေ့တွင် ထူးခြားမှုမရှ်ိခဲ့ကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းမှသိရသည်။
“ပညာရေးဝန်းထမ်းတစ်ယောက်ရဲ့လစာက တစ်သိန်းရှစ်သောင်းကနေ နှစ်သိန်းခွဲအများဆုံးပဲ။ ဝန်ထမ်းတွေအတွက်လစာတိုးမယ်ဆိုလို့ဘယ်လောက်လည်းမေးလိုက်တာ ၆၀၀၀တဲ့ ဝေးလံတဲ့ဒေသတွေမှာ တာဝန်ကျတဲ့ဆရာ/ဆရာမတွေ ဆို ဒီလစာနဲ့ ဘာလုပ်လို့ရမလဲ။ ကျောင်းဆရာလုပ်နေပြီး လကုန်ရင် အိမ်ကိုပိုက်ဆံပြန်တောင်းနေရတယ် ။ ကျွန်တော့်ညီကတော့ ကျောင်းဆရာမလုပ်တော့ဘူး ဂျပန်ရောက်သွားပြီ ကျွန်တော်လည်း ဒီ ၁၂ လပိုင်းထဲ အင်တာဗျူးခေါ်တာနဲ့ ကိုရီယားသွားတော့မှာပါ။ ဝါသနာပါပေမဲ့ဝမ်းစာကအရေးကြီးတယ်လေ” ဟု ဝါးခယ်မမြို့နယ်မှ ဝန်ထမ်းအအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီပေးသော လစာနှင့် မိသားစုရပ်တည်ရန် လွယ်ကူမှုမရှိသောကြောင့် ဌာနအသီးသီးမှ ဝန်ထမ်းများ ပြည်ပသို့သွားရောက်နေကြကာ လစ်လပ်နေရာများကိုအစားထိုးနိုင်ရန် နေ့စားလပေးဝန်ထမ်းများနှင့် ဝန်ထမ်းအသစ်ခေါ်ယူခြင်း များပြုလုပ်၍ ပြန်လည်ဖြည့်တင်းနေရကြောင်း သိရသည်။
စစ်ကောင်စီမှ နိုင်ငံခြားထွက်အလုပ်လုပ်ကိုင်သူများပြားလာသဖြင့် ဝန်ထမ်းများအား ပြည်ပ၌အလုပ်လုပ်ခြင်းမပြုနိုင်ရန် ဘိုင်အိုမက်ထရစ် စနစ်ဖြင့် မှတ်ပုံတင်များပြုလုပ်ထားသော်လည်း နည်းအမျိုးမျိုးဖြင့် ပြည်ပထွက်ခွာအလုပ်လုပ်နေသော ဝန်ထမ်းများအမြောက်အများရှိနေကြောင်း ဒေသတွင်းအရင်းမြစ်များမှသိရသည်။
#ဧရာဝတီတိုင်း #ပညာရေးဝန်ထမ်းများအပါအဝင် #နိုင်ငံခြားသို့ #သွားရောက်အလုပ်လုပ်ကိုင်ရန် #ကြိုးစား #Ayeyarwaddy_Times