
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၀ ရက်
ကုလမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ တတိယ ရာထူး အကြီးဆုံးနှင့် ကုလမဂ္ဂလက် ထောက်အတွင်းရေးမှူးချုုပ်ဖြစ်သူ Mr.Raouf Mazou က ရခိုင်ပြည် စစ်တွေမြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ သွားရောက်ခဲ့ကြောင်း သိရသည်။
ကုလမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက် မင်းကြီး Mr.Raouf Mazou သည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့သွားရောက်ရာတွင် ရိုဟင်ဂျာများ နေရပ်ပြန်နိုင်ရေးအတွက် သွားရောက် ခြင်းဖြစ်ကြောင်း သိရပြီး ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့သို သွားရောက်ခဲ့သည့် အကြောင်းအရာနှင့် သွားရောက်သည့်အကြောင်းကိုမူ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာ များတွင်ဖော်ပြထားခြင်း မရှိပေ။
လက်ရှိ ရှမ်းမြောက် တိုက်ပွဲများအတွင်း လောက်ကိုင်နှင့် ချင်းရွှေဟော်တွင် ပိတ်မိနေသူများအပါအဝင် ဘုန်းကြီးကျောင်းများ စစ်ဘေး ရှောင်နေ ရသူများ၊ စစ်ဘေးရှောင်စခန်းများတွင်နေထိုင်သူများသည် လူသားခြင်းစာနာထောက် ထားမှု အကူညီများလိုအပ်နေကြောင်းသိရသည်။
“ စားသောက်ကုန်ဈေးတွေတက်တော့ နေ့စားအလုပ်သမားတွေအခက်အခဲရှိကြတယ်။ စားနပ်ရိက္ခာက ရေရှည်မဖူလှုံနိုင်တော့ နေဖို့အဆင်မပြေတဲ့သူတွေက စွန့်စားပြီး ပြန်ဖို့ လုပ်နေကြတယ်။ ရေရှည်ရပ်တည်ဖို့ မလွယ်တဲ့ရွှေ့ပြောင်း အခြေခံအလုပ် သမားတွေကတော့ ရရာနည်းလမ်းနဲ့ပြန်ကြမှာ” ဟု လောက်ကိုင်ဒေသခံ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင်လောက်ကိုင်နှင့် ချင်းရွှေဟော်တွင် အခြေခံစားသောက်ကုန် ဈေးနှုန်း ကြီးမြင့်မှုအပြင် နေထိုင်ရေးခက်ခဲလာသဖြင့် အသက်အန္တရာယ်ကိုစွန့်စား၍ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှတဆင့် ဖြတ်ပြန်သူများရှိနေပြီး နမ့်တစ်လမ်းတွင်ပိတ်မိနေ၍ လောက်ကိုင်သို့ ပြန်လာသူများလည်းရှိကြောင်း လောက်ကိုင်ဒေသခံက ဆက်လက် ပြောကြားသည်။
“ဝ ပြည်နယ်ထဲကဖြတ်ပြန်ရတာ နမ့်တစ်လမ်းကြောင်းမှာ ဘာပစ္စည်းမှ သယ်လို့ မရဘူး။ အကုန်သိမ်းတာ။ ဖုန်းတွေ၊ ခရီးဆောင်အိတ်တွေ ဘာမှသယ်လို့ မရဘူး။ လူချည်းပဲသွားရတယ်။ နမ့်တစ်ကနေ လားရှိုးအထိ တစ်ယောက် သုံးသိန်းပေးရတယ်” လောက်ကိုင်ကနေ လားရှိုးမြို့ ပြန်ရောက်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဘေးရှောင် လူဦးရေ ငါးသောင်းနီးပါးရှိပြီး အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များအတွက် တုံ့ပြန်ဆောင်ရွက်နိုင်ရန် အမေရိကန် ဒေါ်လာ ၁ သန်းအသုံးပြုမည်ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) မြန်မာက ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ရှိ လားရှိုး၊ သိန္နီ၊ နမ့်တစ်၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲနှင့် နောက်ချိုမြို့နယ် အတွင်းရှိစစ်ဘေးရှောင် IDPs ငါးသောင်းနီးပါး၊ အိမ်ထောင်စု ၃၄,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာဝယ်ယူရန် ငွေကြေးအကူညီ အမေရိကန်ဒေါ်လာ တစ်သန်းရရှိ ထားပြီဖြစ်ကြောင်း UNOCHA ထုတ်ပြန်ချက်တွင်ပါဝင်သည်။
အဆိုပါစစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ အနွေးထည်၊ အိပ်ယာ၊ ခြင်ထောင်၊ ဆေးဝါး၊ ကျန်းမာရေးနှင့် တကိုယ်ရည်သုံးပစ္စည်းများအပါအဝင် အခြေခံကယ်ဆယ်ရေး ပစ္စည်းများနှင့် အခြားလူမှုဆိုင်ရာ အကူအညီများပေးမည် ဖြစ်ကြောင်း UNOCHA ကဆိုထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအရှိန်မြင့်လာပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က အောက်တိုဘာ ၂၇ ရက်နေ့တွင် စစ်ဆင်ရေးစတင်ကာ စစ်ကောင်စီတပ်စခန်းနှင့်ရဲစခန်း ၁၆၀ နီးပါသိမ်းပိုက်ထားကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ၊ လူမှုကွန်ရက်
#UNHCR #UNOCHA #စစ်ဘေးရှောင် #လောက်ကိုင်နှင့်ချင်းရွှေဟော် #ရခိုင်နှင့်ရှမ်းပြည်နယ်တောင်ပိုင်း #ရိုဟင်ဂျာ #Ayeyarwaddy_Times