ဧရာဝတီတိုင်းမ်
(ထီးချိုင့်)၊ နိုဝင်ဘာလ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီနှင့်‌ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နှစ်ဖက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ကူအများအပြားနှင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြတောင်ကျေးရွာတောင်ပေါ်နှင့် ထီးချိုင့်-မြတောင် ရွာတံတားများတွင် အထိုင်ချကာ လက်နက်ကြီးပစ်ခတ်ခြင်းများ ဆက်တိုက်လုပ်ဆောင် နေပြီး မီးရှို့မှုများ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ‌‌ထီးချိုင့်မြို့ပေါ်တွင် နေအိမ် ပျက်စီးမှုများ အများအပြားရှိနေကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံက သိရသည်။

“တိုက်ပွဲထက် လေကြောင်းကနေ တစ်ဖက်သက်ကြဲနေတာ။ မြို့ပေါ်ကို အဓိကကြဲတာပါ။ ဒီနေ့နေ့လယ်အထိကို လေယာဉ်နဲ့ ငါး ကြိမ်ကြဲသွားတယ်။ မနေ့နဲ့ ဒီနေ့ပေါင်းရင် လေကြောင်းတိုက်ခိုက်မှု(air strikes) ရှစ်ကြိမ် လုပ်သွားပါတယ်။ လေကြောင်း တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ပြန်ထိတာလည်းရှိပါတယ်။ သူတို့ လူသူတို့ပြန်ထိတာ အဆန်းတော့မဟုတ်ပါဘူး ဖြစ်နေကြပါပဲ” ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခုအခါတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး ထီးချိုင့်မြို့ကို သိမ်းပိုက်နိုင်ပြီဆို သည်မှာ သတင်းမှားသာဖြစ်ပြီး မြေပြင်တော်လှန်ရေးရဲဘော်များ အခက်တွေ့စေမည့် သတင်းမှားများ မဖြန့်ကြရန် ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး က အသိပေးထုတ်ပြန် ထားသည်။

စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကိုပါ လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေသည့်အတွက် ထီးချိုင့်မြို့အတွင်း ပိတ်မိနေသည့် ဒေသခံများလည်းရှိကာ စစ်ဘေးရှောင်နေသူများရှိသည့် ဘုန်းကြီး ကျောင်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်အတွက် ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့က မင်္ဂလာရန်ကင်းကျောင်းတိုက်ဆရာတော် ဦးစန္ဒာသီရိ ပျံလွန်တော်မူခဲ့ရ ကြောင်းလည်း သိရသည်။

ထီးချိုင့်မြို့ပေါ်ရှိ ဒေသခံအများစုမှာ စစ်ဘေးရှောင်နေကြပြီး စစ်ကောင်စီ တပ်သားများမှာ ‌မြို့ပေါ်ရှိနေအိမ်များမှ ပစ္စည်းများကို ခိုးယူမှုများရှိနေကြောင်း လည်းသိရသည်။

ထီးချိုင့်မြို့ကို ကျောင်းသားတပ်မတော် (ABSDF)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့မှစတင်ကာ မြို့သိမ်းတိုက်ပွဲ ပူးပေါင်းဆင်နွှဲနေခြင်းဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ထီးချိုင့် #နှစ်ဖက်တိုက်ပွဲ #ဆက်လက်ဖြစ်ပွား #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ဆက်တိုက်လုပ်ဆောင် #Ayeyarwaddy_Times