
ဧရာဝတီတိုင်းမ်
ရေစကြို၊ နို၀င်ဘာလ ၁၀ ရက်
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံးနဲ့ မြို့နယ်စည်ပင် ဦးစီးမှူးအိမ်ရာပန်းခြံတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီအထိုင်တပ် စခန်းသုံးခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ရဲစခန်းနှင့်မြို့နယ်ထွေအုပ်ရုံး၊ စည်ပင်ပန်းခြံတို့ကို တပြိုင်နက်ထဲ ၀င်ရောက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့၀င်ထံက သိရသည်။
ရေစကြိုမြို့ပေါ်ရှိ အမှတ် (၇) နှင့် အမှတ် (၈) ရပ် ကွက်တို့တွင် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ ကြောင်း ဒေသခံများထံက သိရသည်။
“အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ကြတော့ ဒေသခံတွေက နားစွင့်နေကြတာ။ ပြေးသင့်ရင်ပြေးကြမယ်ပေါ့။ မြို့သိမ်းတိုက်ပွဲရောက်လာပြီးလားဆိုပြီး ကြောက်တာ ထက် ပျော်နေမျှော်နေ ကြတာပါ။ အကုန်လုံးဘေးကင်းပါစေလို့လဲ ပြောချင်ပါတယ်”ဟု ရေစကြိုမြို့နေ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရေစကြိုမြို့ပေါ်တွင် နာရီပိုင်းမျှ လှည့်ပတ် ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကိုမူ သိရှိရခြင်းမရှိသေးပေ။
ရေစကြိုမြို့မ ရဲစခန်းပစ်ခတ်တိုက်ခိုက်မှုအပါအဝင် ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အသေးစိတ်သတင်းထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း ရေစကြိုပကဖ တာ၀န်ခံက ဧရာ၀တီတိုင်းမ် သတင်းဌာနကို ဖြေကြားသည်။
ပုံစာ-ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုံဟောင်း)
#မကွေးတိုင်း #ရေစကြိုမြို့ #မြို့မရဲစခန်း #ထွေအုပ်ရုံး #စည်ပင်ပန်းခြံ #PDFတိုက်ခိုက် #Ayeyarwaddy_Times