
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၀ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်း နှစ်စဥ် နွေစပါးနှင့် ဆောင်းစပါးစိုက်ပျိုးသည့်အချိန်တွင် နေကြာကို ဧက သုံးထောင်ကျော် မဖြစ်မနေ ကြားညှပ်စိုက်ပျိုးပေးရန် စစ်ကောင်စီကဖိအားပေးခိုင်းစေမှုများပြုလုပ် နေကြောင်းသိရှိရသည်။
ပုသိမ်မြို့နယ်ရှိ ကျေးရွာအုပ်စုတစ်စု လျှင် ဧက ၅၀ စိုက်ပျိုးပေးရန်သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ရပ်ကျေးစာရေးများက ဖိအားခိုင်းစေခြင်းဖြစ်ကြောင်း
ဒေသခံလယ်သမားများကပြောသည်။
“နေကြာစိုက်ကတာလုံး၀အဆင်မပြေဘူး မျိုးစေ့အလကားရပေမယ့် တစ်ဧက ကို ကုန်ကျစရိတ် ငါးသိန်းကျော်ကုန်တယ် ဆီကတစ်ဧက ၁၀ ပိသာ နှစ်ပုံးထွက် တော့ ပြန်ရတာ နှစ်သိန်းလေးသောင်းပဲ ပြန်ရတော့ ဘာကျန်မှာလဲ မစိုက်မနေရဆိုတော့ ဒုက္ခရောက်နေရတယ်”ဟု ပုသိမ်မြို့နယ် အတွင်းမှ လယ်သမားတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
နေကြာစိုက်ပျိုးမည်ဆိုပါက ရေတင်ရန်လိုအပ်သည်ဟုသိရပြီး ဓာတ်မြေသြဇာ အသုံးပြုရန်လိုအပ်ကာ နေကြာစိုက်ပျိုးပြီးနောက် နေကြာအဝယ်ဒိုင်များ မရှိကြောင်းနှင့် နေကြာဆီကြိတ်ရန် အခက်အခဲများရှိကြောင်း လယ်သမားများ၏ပြောပြချက်အရ သိရသည်။
လက်ရှိတွင် နို၀င်ဘာလ အစမှစတင်ပြီး စစ်ကောင်စီမှ ဧရာ၀တီတိုင်း၂၆မြို့နယ်အတွင်း နေကြာမျိုးစေ့ပေးအပ်ပွဲများပြုလုပ်နေပြီး ဒေသခံတောင်သူလယ်သမားများကို ဖိအားပေး စိုက်ပျိုးခိုင်း နေကြောင်း သိရှိရသည်။
#ပုသိမ်မြို့ #နေကြာဧက #သုံးထောင်ကျော် #စိုက်ပျိုးပေးရန် #ဒေသခံလယ်သမား စစ်ကောင်စီဖိအားပေး #Ayeyarwaddy_Times