
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၀ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ရာဇဂြိုလ် ရဲဘက်စခန်း (၂) စခန်းကို သိမ်းပိုက် စဥ်က ထွက်ပြေးပုန်းရှောင်သွားသော စစ်ကောင်စီတပ်သား လေး ဦးကို ယမန်နေ့ နိုဝင်ဘာ ၉ရက်နေ့ က သေနတ်နှစ် လက်နှင့်အတူ ပြန်လည် ဖမ်းဆီးရရှိခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီတပ် အထိုင်ချထားသည် ကလေးမြို့နယ် မြောက်ပိုင်း ရာဇဂြိုလ် ရဲဘက်စခန်း(၁) ကို ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကလေးခရိုင် ကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ပြီး ရဲဘက်စခန်း (၂) ကို နိုဝင်ဘာ ၇ ရက်နေ့တွင် ထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲအတွင်းထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား လေးဦးကို နိုဝင်ဘာ ၉ရက် နေ့တွင် ဖမ်းဆီးရရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထံက သိရသည်။
“ရာ ၂ (ရာဂြိုလ်ရဲဘက်စခန်း၂) ကို သိမ်းတဲ့ပွဲမှာ စခ(စစ်ကောင်စီတပ်သား) အလောင်း တွေ ၁၀ လောင်းကျော်ရတယ်။ ထွက်ပြေးကြတာလည်း အများကြီးပဲ။ ထွက်ပြေးသွားတဲ့ သူတွေထဲက လေး ယောက်ကို သူတို့ပုန်းနေတဲ့နေရာကနေ မနေ့က(နိုဝင်ဘာ ၉ရက်) ဖမ်းမိတာပါ။ သေနတ် နှစ် လက်လည်းပါတယ်။ နောက်ဆက်တွဲတော့ စစ်ဆေးဆဲမို့ အတည်ပြုလို့ မရသေးပါဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထိုသို့ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား လေး ဦးကို နိုင်ငံတကာစစ်သုံ့ပန်း စည်းမျဥ်း စည်းကမ်းများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) က နိုဝင်ဘာ၉ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
လက်ရှိတွင် ကလေး၊ ခမ်းပါတ်၊ တမူး၊ ကားလမ်းတစ်လျှောက် စခန်းသိမ်းတိုက်ပွဲများ ပြင်းထန်လျက်ရှိကာ ဒေသခံ ၅၀၀၀ ထက်မနည်း စစ်ဘေးရှောင်နေကြောင်း စစ်ရှောင် ကူညီသူများထံက သိရသည်။
ဓာတ်ပုံ – ကာကွယ်ရေးဝန်ကြီးဌာန (MOD)
#ကလေးမြို့ #ရာဇဂြိုလ်ရဲဘက်စခန်း၂ #ထွက်ပြေးစစ်ကောင်စီတပ်သား၄ဦး #ပြန်လည်ဖမ်းဆီးရမိ #စစ်သုံ့ပန်းဥပဒေနှင့်အညီထိန်းသိမ်း #Ayeyarwaddy_Times