ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၀ ရက်

ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်တော်(AA) ညီနောင်မဟားမိတ်သုံးဖွဲ့ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ ရက်နေ့မှ နှစ်ပတ်တာ အတွင်း မြို့ ၁၁ မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်စခန်း ၁၆၀ ထက်မနည်းကိုလည်း ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ထံမှ စစ်စခန်းများအပြင် သံချပ်ကာကားအပါအ၀င် တင့်ကား ၈ စီး တို့ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နို၀င်ဘာ ၉ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ကွမ်းလုံမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။

ထို့အပြင် ယမန်နေ့က ကလေးမြို့ရာဇဂြိုလ် ရဲဘက်စခန်း(၂) သိမ်းပိုက်စဉ် ထွက်ပြေးပုန်းအောင်း နေသည့် စစ် ကောင်စီတပ်ဖွဲ့၀င် လေး ဦးကို သေနတ် နှစ် လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့က မိမိတို့၏ သတ်မှတ်၊ ရည်မှန်းထားသော စစ်ဆင်ရေး ပစ်မှတ်များကို မရပ်မနား ဆက်လက်တိုက်ခိုက်လျက်ရှိပြီး ကွမ်းလုံမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ရန် အစွမ်းကုန်ကြိုးစားနေပြီး ကစဉ့်ကလျားထွက်ပြေးနေသည့် ရန်သူများကို လိုက်လံ ရှင်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

စစ်ဆင်ရေးများ နေရာအနှံ့စတင်ပြီးချိန်မှစ၍ ညီ နောင်မဟာမိတ်သုံးဖွဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့နှင့်အတူ ဒေသ အသီးသီးရှိ တော်လှန်ရေး တပ်ဖွဲ့၀င်များ စစ်ဆင်ရေးဖော်ဆောင်ခဲ့ရာ ကောလင်း၊ ခမ်းပါတ်၊ ချင်းရွှေဟော်၊ ကြူကုတ် -ပန်ဆိုင်း၊ သိန္နီ၊ ဖောင်းဆိုင်၊ မုံးကိုး၊ နမ့်ခမ်း၊ မယ်စဲ့၊ ပင်လည်ဘူး၊ ကွမ်းလုံ မြို့ ၁၁ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။

ပုံစာ-မြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့
#၁၀၂၇ #စစ်ဆင်ရေး #ညီနောင်မဟာမိတ် #PDF #စစ်ကောင်စီ #တပ်စခန်း #၁၆၀ #၁၁မြို့ #သိမ်းပိုက် #Ayeyarwaddy_Times