
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၀ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင်ကလက်ရှိ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများနှင့် ပတ်သက် ၍ ၎င်းဦးဆောင်သော အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာလုံ) ခေါ်ယူ၍ ရဲတပ်ဖွဲ့ကို စွမ်းရည်မြှင့်တင်ရန် ပြောဆိုမှုအပေါ် ရှုံ့ချခဲ့ပြီး ရဲအလုပ်၊ ရဲလုပ်ရန်သာ လိုအပ်ကြောင်း CDM ရဲတပ်ဖွဲ့ဝင်များက ထောက်ပြပြောဆိုသည်။
ယခု ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားနေသည့် ပြဿနာ၏အစမှာ မူးယစ်ဆေးဝါး ပင်ဖြစ်ပြီး ထိုမှရရှိသည့် ငွေများနှင့် အာဏာရရှိရေးကို လက်နက်ကိုင်လမ်းစဉ်ဖြင့် အသက်ဆက်၍ ကာကွယ်ခဲ့သလို လောင်းကစားကဲ့သို့ တရားမဝင် လုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း နိုဝင်ဘာ ၈ ရက်က ပြုလုပ်သည့် ကာလုံအစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
ထို့ကြောင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ရဲတပ်ဖွဲ့၏ စွမ်းရည်မြှင့်တင်ရေးသည် အဓိကကျသော အချက် ၂ ချက်ဖြစ်ပြီး မူးယစ်ဆေးဝါး အမြစ်ပြတ်နှိမ်နင်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားရမည်ဖြစ်သလို ထို့သို့ဆောင်ရွက်နိုင်ရန်အတွက် ရဲတပ်ဖွဲ့၏ စွမ်းရည်မြင့်မားရေးကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။
“ကျားဖြန့်လုပ်ငန်း(အွန်လိုင်းငွေလိမ်ဂိုဏ်း)တွေအကြောင်းတော့ အရိပ်အမြွက်တောင် ထည့်မပြောဘူး။ ရဲတပ်ဖွဲ့ရဲ့ စွမ်းရည်မြှင့်မယ်ပြောပြော၊ ဘာပြောပြော ဘာကိုမှအခြေအမြစ်မရှိဘဲ တောင်စဉ်ရေမရ လျှောက်ပြောတယ်လို့ပဲ မြင်ပါတယ် ” ဟု ရဲတပ်ကြပ် CDM ကဗျာ ဆရာ ငြိမ်းချမ်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ရဲတပ်ဖွဲ့နှင့် လက်နက်ကိုင် ရဲတပ်ဖွဲ့ဟူ၍ နှစ်မျိုးရှိပြီး ၎င်းတို့အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိက တာဝန်ရှိသော်လည်း နိုင်ငံ၏ သမိုင် းကြောင်းအရ ပြည်တွင်းပဋိပက္ခများကို နှိမ်နင်းခဲ့ရ သောကြောင့် ရဲတပ်ဖွဲ့ကို ယခုထက်စွမ်းရည် တိုးတက်မြင့်မားရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ကာလုံအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။
စစ်ကောင်စီသည် လက်ရှိအချိန်တွင် ၎င်းတို့အသုံးချ၍ရသော စစ်တပ်ထောက်ခံသည့် အဖွဲ့အစည်းအားလုံး အထူးသဖြင့် ညီနောင်အဖွဲ့အစည်းဟု မကြာခဏ သုံးနှုန်း ပြောဆို သော ရဲတပ်ဖွဲ့ဝင်များကို ချီးမြှင့်မြောက်စားခြင်းများ၊ ပြန်လည်စည်းရုံး သိမ်းသွင်းခြင်း များကို လုပ်ဆောင်နေကြောင်း စစ်တပ် CDM အရာရှိများက ဆိုသည်သည်။
“ရဲက ရဲအလုပ်၊ ရဲလုပ်နိုင်ဖို့အတွက် လိုတယ်။ အခုမြန်မာနိုင်ငံမှာ အဓိကပြဿနာက ရဲတပ်ဖွဲ့ဝင်တွေက ကိုယ့်အလုပ်ကိုယ် မလုပ်ရဘူး။ ရဲတပ်ဖွဲ့ထဲကို စစ်တပ်ကပစ်ဖဲ (စစ်တပ်မှပြောင်းရွှေ့လာသူ) တွေ လှမ်းလှမ်းပို့နေသမျှ ရဲကို ပြည်သူက ဘယ်တော့မှ မလေးစားဘူး။ နောက်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်လို့ ခိုင်းဖက်လို့ အမိန့်ပေးနေသမျှ ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်း မအောင် မြင်နိုင်ဘူး။ စွမ်းဆောင်ရည်မြှင့်တင်ပေးလဲ အလကားပဲ။ ဘယ်တော့မှ မအောင်မြင် နိုင်သလို ရဲတပ်ဖွဲ့ကို လူမုန်းများနေမှာပဲ” ဟု CDM ရဲတပ်သား အောင်ကျော်မိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရဲတပ်ဖွဲ့ကို စွမ်းဆောင်ရည် မြှင့်တင်မည်ဆိုပါက ပြည်သူလူထုအား ဗဟိုပြုသည့် ရဲလုပ်ငန်းစဥ် အောင်မြင်ရန် လိုအပ်ပြီး ထိုမှသာ ပြည်သူက လေးစားမည်ဖြစ်သလို ရဲနှင့်ပြည်သူအကြား အပြန်အလှန်အမှီသဟဲ ပြုနေနိုင်မှသာ ရမည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ စတင်၍ ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တိုက်ပွဲများတွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အင်အား အနည်းဆုံး ၃၀ ဝန်းကျင်သေဆုံးခဲ့သလို လက်နက်ချ၍ အလင်းဝင်မှုများ၊ ထွက်ပြေးတိမ်းရှောင်မှု များလည်း များပြားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စစ်ကောင်စီသည် ယခုလ နိုဝင်ဘာ လဆန်းပိုင်းမှ စတင်၍ ရဲစခန်းနှင့် ဂိတ်များကို အင်အားများသည့် နေရာများသို့ ပေါင်းစည်းခြင်းများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်အတွင်းသို ပြောင်းရွှေ့နေထိုင်စေခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ယခင်ကတည်းက ရဲတပ်ဖွဲ့ဝင်များကို ညီနောင်အဖွဲ့အစည်းဟု သုံးနှုန်း ခေါ်ဝေါ်ခဲ့သော်လည်း စစ်တပ်၏ တစ်ဆင့်နိမ့်အနေဖြင့်သာ ဆက်ဆံခဲ့ပြီး နောက်ပိုင်းတွင် အရံအင်အားဖြစ်သည့် ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များကို ရှေ့တန်း လွှတ်ခြင်း၊ လုံခြုံရေးချခြင်း စသည့်တို့ကို လုပ်ဆောင်၍ ထိုးကျွေးလာကြောင်း လေ့လာ သူများက သုံးသပ်သည်။
ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ကြီးစိုးဝင်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်အတွင်း ရဲတပ်ဖွဲ့ဝင်များ၏ တာဝန် ထမ်းဆောင်မှုကို အသိအမှတ်ပြုသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင် ပေါင်း ၇,၃၈၈ ဦးတို့ကို ဂုဏ်ထူးဆောင် တံဆိပ်များ ပေးအပ်ခဲ့သည်။
စစ်ခေါင်းဆောင် ဦးဆောင်သည့် ကာလုံအစည်းအဝေးသို့ ဒုစစ်ခေါင်းဆောင်နှင့် စစ်ကောင်စီအဖွဲ့ အတွင်းရေးမှူးအပြင် စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စသည်တို့လည်း တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ခေါင်းဆောင် #ကာလုံခေါ် #ရဲတပ်ဖွဲ့စွမ်းရည်မြှင့်တင် #CDMရဲတပ်ဖွဲ့ဝင်များရှုံ့ချ #Ayeyarwaddy_Times