ဧရာဝတီတိုင်းမ်
(သိမ်ဇရပ်)၊ နိုဝင်ဘာလ ၈ ရက်

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်‌နေ့၊ မွန်းလွဲ ၂ နာရီဝန်းကျင်က သိမ်ဇရပ်အခြေစိုက် အမြောက်တပ် အမတ-၃၁၀ မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံ လေး ဦးသေဆုံးခဲ့ပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရမှုကြောင့် သိမ်ဇရပ် အခြေစိုက် အမတ- ၃၁၀ တပ်ရင်းမှ ၁၂၀-မမ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာ ကူးတို့ဆိပ်သို့ကျရောက်ပေါက်ကွဲခဲ့ပြီး ခရီးသွားပြည်သူ လေးဦးသေဆုံးခဲ့ကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၃၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းနားမှာ တိုက်ခိုက်ခံရပြီးတော့ နေ့လယ်မှာ စစ်‌ကောင်စီတပ်သား တွေက လက်နက်ကြီး ပြန်ပစ်လို့ အရပ်သားပြည်သူတွေ ထိခိုက်မှု ရှိတယ်။ လှေဆိပ်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆိုင်ကယ် ကယ်ရီ သမားတွေနဲ့ ခရီသွားလာနေတဲ့ ပြည်သူ ၁၀ ဦးထိခဲ့ပြီး လေးယောက်က တော့သေဆုံးခဲ့ရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်နက်ကြီးထိမှန်မှုကြောင့် ဦးကျော်မြင့်(၆၇) နှစ်၊ ဦးအောင်ဆန်းဦး(၃၅) နှစ်၊ ဦးအောင်ကို(၃၀)နှစ်၊ ဦးကျော်လင်းထွန်း(၃၃)နှစ် တို့သေဆုံးခဲ့ရပြီး အမျိုးသမီးတစ်ဦး အပါအဝင် ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ယခုအခါ ပဲခူးမြို့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

စစ်ကောင်စီ၏ အမတ-၃၁၀ တပ်ရင်းသည် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကို မကြာခဏပြုလုပ်နေပြီး ဒေသခံများထိခိုက်သေဆုံးမှုများ ဖြစ်ပွား‌လျက်ရှိသော်လည်း စစ်ကောင်စီလက်ဝေခံ သတင်းမီဒီယာများနှင့် တယ်လီဂရမ်ချန်နယ်များတွင်မူ PDFများမှ Drop bomb ဖြင့်တိုက်ခိုက်မှုကြောင့် ယခုကဲ့သို့သေဆုံးရခြင်းဖြစ်ကြောင်း ပြောဆို ထားသည်။

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် နိုဝင်ဘာလ ၇ ရက်နေ့က နှစ်ပတ်လည် အခမ်းအနားလုပ်နေသည့် အထွေထွေအုပ်ချုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ဓာတ်ပုံ-လက်နက်ကြီးထိမှန်ပျက်စီးနေသည့် နေအိမ်တစ်လုံး

#သိမ်ဇရပ် #အမတ၃၁၀ #လက်နက်ကြီးပစ်ခတ် #ဒေသခံ၄ဦးသေဆုံး #ဝေါ #တနော်ကျွန်း #Ayeyarwaddy_Times