
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိကာ ယင်းပြဿနာအား ကြီးထွားမလာစေရန် နှစ်ဖက် ခေါင်းဆောင်များမှ ထိန်းညှိ ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာနေ ဒေသခံပြည်သူ စိုင်းမောဝ်အွန်ကို ယမန်နေ့ နိုဝင်ဘာ ၇ ရက်၊ နံနက် ၉ နာရီ ၄၀ နာရီခန့်က TNLA တပ်ဖွဲ့မှ ဖမ်းဆီးသွားခြင်းကိစ္စနှင့် ပတ်သက်၍ SSPP ၏ မူဆယ်မြို့နယ်မှူးဦးဆောင်သော လုံခြုံရေးတပ်သား ခုနစ် ဦးသည် အကျိုး အကြောင်းသိရှိရန်အတွက် သွားရောက်မေးမြန်းရာ TNLA ဘက်က စတင်ဝိုင်းဝန်း ပစ်ခတ်ခဲ့ကြောင်း SSPP က ထုတ်ပြန်ခဲ့သည်။
နှစ်ဖက်တိုက်ပွဲအတွင်း TNLA ဘက်က ငါး ဦးထက်မနည်း သေဆုံးခဲ့သလို SSPP ဘက်ကလည်း တစ်ဦးသေဆုံး၍ မြို့နယ်မှူးအဆင့်ရှိသူတစ်ဦးနှင့် တပ်သားတစ်ဦးကို TNLA ဘက်က အရှင်ဖမ်းဆီး ပစ်သတ်ကာ အခြားသော ရဲဘော်များလည်း ပျောက်ဆုံးနေကြောင်း SSPP ၏ ထုတ်ပြန်ချက်အရ သိရသည်။
SSPP တပ်ဖွဲ့ဝင်များ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရချိန်တွင် လူကို ဖမ်းဆီးထားသော်လည်း လူသားချင်းစာနာမှုအနေဖြင့် အသက်လွှတ် ငြိမ်းချမ်းသာခွင့်ပေးရန် မေတ္တာရပ်ခံ ကြောင်းနှင့် ၎င်း၏အသံကို တစ်ဖက်လူကြီးထံ ဖွင့်ပြရန် SSPP ဒုစစ်ဦးချုပ် စဝ်ငေါဝ်းဖက Wechat မှတဆင့် တင်ပြပြောဆိုခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန်တွင်လည်း ပြဿနာပိုမကြီးထွားစေရန် TNLA စစ်ဦးချုပ် တားဟိုပရန်ထံ နှစ်ဖက်တပ်ဗဟိုလူကြီးများ ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း တားဟိုပရန်မှ အပြတ်ချေမှုန်းသွားရန် အမိန့်ချပြီးဖြစ်ကြောင်းပြောကာ ဆက်သွယ်မှုဖြတ်တောက်လိုက်ကြောင်း SSPP က ထုတ်ပြန် ပြောဆိုသည်။
အလားတူ TNLA ကလည်း ၁၀၂၇ စစ်ဆင်ရေးတွင် တာဝန်ယူနေကြသည့် ၎င်းတို့ တပ်စုတစ်စုကို နိုဝင်ဘာ ၇ ရက်က SSPP မှ တပ်ဖွဲ့ဝင် ၁၀ ဦး လက်နက်အပြည့်အစုံဖြင့် ရောက်ရှိလာပြီး စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကာ TNLA မှ တပ်ဖွဲ့ဝင် လေး ဦး သေဆုံး၍ နှစ် ဦး ဒဏ်ရာရရှိခဲ့သလို SSPP ဘက်ကလည်း တပ်ဖွဲ့ဝင် လေးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ သည်။
ထိုအခင်းမဖြစ်ပွားမီ နိုဝင်ဘာ ၆ ရက်က မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်ကို ဆက်သွယ်ထားသည့် ကားလမ်းမကြီးအား တာဝန်ယူထာသည့် TNLA ၏ မိုင်းဆက်ရွာ၊ ဖိုင်ကျောင်းရွာ၊ မန်ဖာရွာလုံခြုံရေး စခန်းတို့ကို SSPP မှ နံနက်ပိုင်းတွင် (၃)ကြိမ်၊ မွန်းလွှဲပိုင်းတွင် (၅)ကြိမ် လာရောက်နှောင့်ယှက်ခြင်းနှင့် ဓာတ်ပုံမှတ်တမ်း ယူခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း TNLA က ဆိုသည်။
SSPP အဖွဲ့ဝင်များ ရိုက်ကူးထားသည့် ဓာတ်ပုံများအား TNLA က ပယ်ဖျက်စေပြီး နောင်တွင် ထိုကဲသို့ မပြုလုပ်ရန် သတိပေးကာ ပြန်လွှတ်ပေးခဲ့ပြီးနောက် နိုဝင်ဘာ ၇ ရက်၊ နံနက်ပိုင်းတွင် SSPP ၏ တိုက်နယ်မှူးဖြစ်သူ စိုင်းမောင်အောင်မှ TNLA ၏ လုံခြုံရေးစခန်းအနီးသို့ ထပ်မံရောက်ရှိလာပြီး တပ်နေရာချထားမှုတို့ကို ဓာတ်ပုံမှတ်တမ်း ရိုက်ကူးယူခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုကဲသို့ စစ်ဆင်ရေးကို အကြိမ်ကြိမ်အခါခါ လာရောက်နှောင့်ယှက်နေမှု အကြောင်းရင်းအား သိရှိနိုင်ရန်အတွက် TNLA မှ “စိုင်းမောင်အောင်” အား ခဏတာ ခေါ်ယူ မေးမြန်းနေစဉ် SSPP အရာရှိဖြစ်သူ စိုင်းလင်းနှင့်အဖွဲ့ ရောက်ရှိလာကာ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရကြောင်း TNLA က ထုတ်ပြန်ပြောဆိုသည်။
ယင်းပြဿနာအား မကြီးထွားလာစေရန် နှစ်ဖက်ခေါင်းဆောင်များမှ ထိန်းညှိ ထိန်းသိမ်း သွားမည်ဖြစ်ပြီး လက်ရှိပြဿနာအား နှစ်ဖက်၏ မဟာမိတ်ရေးရာရုံးမှ အပြန်အလှန် ဆက်သွယ်ကာ ဖြေရှင်းသွားမည်ဖြစ်သလို တစ်ချိန်တည်းမှာပင် ယခုပြဿနာအား အချိန်မှီထိန်းသိမ်းနိုင်ရန်နှင့် မဟာမိတ်အား ရှေးရှုသောအားဖြင့် စိုင်းမောင်အောင် ကိုလည်း ရပ်မိရပ်ဖထံ အပ်နှံပေးပြီးဖြစ်သည်ကို ပြည်သူများ သိရှိနိုင်ရန် TNLA က သတင်းထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းရန် ဧရာဝတီတိုင်းမ် သတင်းဌာနမှ SSPP ပြောရေးဆိုခွင့် ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။
“ကျွန်တော်တို့လည်း အောက်ခြေကို ဆက်သွယ်နေတုန်းပဲ ရှိသေးတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ကမူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းမ်သတင်းဌာန၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်ကလည်း ကွတ်ခိုင်မြို့နယ်၊ မိုင်းယုအုပ်စု၊ မန်ပန်ကျေးရွာဘက်တွင် SSPP နှင့် TNLA ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တွေ့ဆုံ ဆွေးနွေး၍ သဘောတူညီမှု ရယူခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- TNLA
#နှစ်ဖက်ထိခိုက်သေဆုံးမှု #TNLA #SSPP #ထိတွေ့မှုဖြစ်စဉ် #ထိန်းညှိ ထိန်းသိမ်းသွားမည် #Ayeyarwaddy_Times