
နွေဦးမောင် /ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၉ ရက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်း သုံးခုကို ယနေ့ နိုဝင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း သေဆုံးကာ လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များ ထံကသိရသည်။
ယနေ့နံနက်ပိုင်းက ရှမ်းနီအမျိုးသားတပ်မတော် (SNA) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပူးပေါင်းအထိုင်ချထားသည့် သံယောဇဉ်ကုန်းစခန်းအပါအဝင် တပ်စခန်း သုံးခုကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“နိုဝင်ဘာလ ၇ ရက်နေ့ကတည်းက တိုက်ပွဲတွေပြင်းထန်ခဲ့တာ။ စစ်ကောင်စီတပ်စခန်း ကိုသွားတိုက်ခဲ့တာ။ ဟိုပင်မြို့နယ်ကသွားတဲ့ လမ်းပိုင်းက ဆယ်ဇင်း ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်လှုပ်ရှားစခန်းတွေကို တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ဦးထက်မနည်းသေဆုံးတယ်။ လတ်နက်ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရရှိခဲ့တယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖားကန့်မြို့နယ် ဆယ်ဇင်းလမ်းခွဲ တာမခံ ၊ ဟောင်ပါး ကျေးရွာများဘက်တွင် ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရပြီး စစ်ကောင်စီတပ်သည် အင်းတော်ကြီးဒေသ၊ ဟိုပင်၊ လုံးတုံ၊ ဆယ်ဇင်း လမ်းခွဲများတွင် ခရီးသွားပြည်သူများထံက ငွေကြေးကောက်ခံမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုင်းရင်းသား လတ်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်များအထိုင်ချထားသည့် စခန်းများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်လျက်ရှိပြီး စစ်ကောင်စီတပ်စခန်း ၁၅၀ ကျော်အထိ သိမ်းပိုက်နိုင်ထားကြောင်း မြေပြင် သတင်းရင်းမြစ်များ ထံကသိရသည်။
ပုံစာ-တော်လှန်ရေးအင်အားစုများနှင့်KIAတပ်ဖွဲ့
#ဆယ်ဇင်းကျေးရွာအနီး #စစ်ကောင်စီတပ်စခန်း၃ခု #တော်လှန်ရေးအင်အားစုများသိမ်းပိုက် #စစ်ကောင်စီတပ်ဖွဲ့ဝင် #၃၀ဦးထက်မနည်းသေ #Ayeyarwaddy_Times