ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၉ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်သို့ စစ်ကူလာသည့် စစ်ကောင်စီ တပ်စစ်ကြောင်းကို တအာင်းတပ်မတော် TLNA နှင့် မန္တလေးPDF တို့က တိုက်ခိုက်ခဲ့ရာ သံချပ်ကာကား တစ်စီးပျက်စီးပြီး နောက်ပြန်ဆုတ်သွားကြောင်း သိရသည်။

ယမန်နေ့ နို၀င်ဘာ ၈ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် သံချပ်ကာ သုံး စီးပါ၀င်သည့် စစ်ကူယာဉ်တန်းကို အုမ္မခါးကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကာ ကားတစ်စီးကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဖျက်ဆီးနိုင်ခဲ့ပြီး ကျန်သံချပ်ကာ ကားနှစ်စီးနှင့် ကျန် စစ်ယာဉ်တန်းများ နောက်ပြန်ဆုတ်သွားကြောင်း TNLA က ဆိုထားသည်။

အဆိုပါ စစ်ယာဉ်တန်းသည် နောင်ချိုတိုက်ပွဲကို စစ်ကူလာသည့် ယာဉ်တန်းဖြစ်ပြီး ယမန်နေ့ ညပိုင်းက တည်းက အုမ္မတီး-အုမ္မခါးလမ်းပိုင်း ပြည်ထောင်စု လမ်းမကြီးကို ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံအချို့ ထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့ကတည်းက ရှမ်းမြောက် နောင်ချိုတွင် တိုက်ပွဲများပြင်းထန်လာကာ တအာင်းတပ်မတော် TNLA နှင့် မန္တလေး PDF ပူး ပေါင်းအဖွဲ့တို့က စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပြီး ဂုတ်ထိပ်ရှုခင်းသာတစ်ဝိုက်ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-TNLA
ပုံစာ-တိုက်ခိုက်ခံရသည့် စစ်ကောင်စီ၏ သံချပ်ကာကား

#နောင်ချို #အုမ္မတီး #စစ်ကောင်စီတပ်ယာဉ်တန်း #တိုက်ခိုက်ခံရ #သံချပ်ကားပျက်စီး #တအာင်းTNLA #မန္တလေးPDF #Ayeyarwaddy_Times