
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၉ ရက်
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် လူငယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တတ်နေပြီး ဆေးဖြန့်သူများကို ဖမ်းဆီအရေးယူနိုင်ခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။
အိမ်မဲမြို့နယ်တွင် WY ခေါ် စိတ်ကြွရူးသွပ်ဆေးများကို လူငယ်များအကြားတွင် သုံးစွဲမှု မြင့်မားနေပြီး ဖြန့်ဖြူးနေသူများကို ဖမ်းဆီအရေးယူနိုင်ခြင်း မရှိသည့်အတွက်လည်း ဒေသခံပြည်သူများက စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များကို ဝေဖန်မှုများ ပြုလုပ်နေကြကြောင်း သိရသည်။
“သူတို့အခေါ်ကတော့ အကောင်လို့ခေါ်တာ လူငယ်လေးတွေ တော်တော်များများသုံးနေကြတယ်။ အချို့ ကောင်လေးတွေဆို အိတ်ထဲမှာထည့်ပြီး လျှောက်သွားနေကြတာ။ ဘာလည်းမေးတော့ အသီးတဲ့ အကိုသုံးဖူးလားဆိုလို့ကြည့်လိုက်တာ ပန်းရောင် WY စာတမ်းနဲ့ ဆေးပြားလေးတွေ ကြာရင် လူညွန့်တုံးမှာ ဒါတွေကို သေချာကြပ်မတ်သင့်တယ် “ဟု အိမ်မဲမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မူးယစ်ဆေးသုံးစွဲသည့် လူငယ်များအကြား သုံးစွဲမှုမြင့်လာပြီး အဓိက မူးယစ်ဆေးဖြန့်သူများကို ဖော်ထုပ်ဖမ်းဆီးခြင်း မပြုလုပ်သည့်အတွက် ရာဇဝတ်မှုများပိုတိုးပွားလာနိုင်သည့်အတွက် စိုးရိမ်ကြောင်း မြို့ခံများမှ သုံးသပ် ပြောကြားသည်။
“ဆေးသုံးတဲ့သူတွေဆိုတာ တဖြည်းဖြည်းသုံးစွဲမှုမြင့်လာတာ တစ်ကယ်လို့သုံးစရာဆေးမရှိရင် လုရမှာလည်း ဝန်မလေးသလို သတ်ရမှာလည်းဝန်လေးမှာမဟုတ်ဘူး။ အခုလည်း ဖြစ်နေတဲ့ ရာဇဝတ်မှုတွေမှာ လူငယ်တွေများတယ် အရင်ကလည်းခဏခဏမိတယ် အခုက ဖမ်းဆီတာလည်းမလုပ်နိုင်သလို တားမြစ်တာမျိုးလည်းမရှိဘူး။ တကယ်ဥပဒေမဲ့နေသလိုမျိုးပဲ ” ဟု မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အိမ်မဲမြို့နယ်တွင် NLD အစိုးရလက်ထက်က စိတ်ကြွရူးသွပ်ဆေးများ ဖမ်းဆီးမှု ရှိခဲ့သော်လည်း စစ်ကောင်စီ တတ်လာပြီးနောက် ထပ်မံဖမ်းဆီးနိုင်ခြင်းမရှိခဲ့ကြောင်း ဒေသတွင်းအရင်းမြစ်များထံမှသိရသည်။
မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ရောင်းချကြောင်း ပေါ်ပေါက်၍ ပြစ်မှုစီရင်ခြင်း ခံရပါက ကျူးလွန်သူကို ထောင်ဒဏ် အနည်းဆုံး (၁၀) နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း စစ်ကောင်စီ၏ တည်ဆဲဥပဒေများ ရှိနေသော်လည်း ဖမ်းဆီးအပြစ်ပေးနိုင်ခြင်း မရှိသည့်အပြင် ရဲတပ်ဖွဲ့အနေဖြင့်လည်း စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်သူများကိုသာ ဦးစားပေးဖမ်းဆီးရန် ကြိုးစားနေကြောင်း ဒေသခံများက ပြောသည်။
#အိမ်မဲမြို့ #လူငယ်များ #မူးယစ်ဆေးသုံးစွဲမှုမြင့် #ဆေးဖြန့်သူများကို #ဖမ်းဆီနိုင်ခြင်းမရှိ
#Ayeyarwaddy_Times