
ဧရာဝတီတိုင်းမ်
(ယင်းမာပင်)၊ နိုဝင်ဘာလ ၉ ရက်
စစ်ကိုင်းတိုင်းအတွင်း ပုလဲမြို့နယ်မှ ယင်းမာပင်မြို့နယ်သို့ ထွက်ခွာလာသည့် စစ်ကောင်စီ ယာဉ်တန်းကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ယမန်နေ့ နိုဝင်ဘာလ ၇ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က ABSDF အမှတ် (၁၄) တပ်ရင်းနှင့် ပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီယာဉ်တန်း ၁၇ စီးအား ရှေ့ပြေးလုံခြုံရေးယူပေးသည့်အနေဖြင့် ခြေလျင် စစ်ကြောင်းထိုးလာသည့် တပ်ဖွဲ့ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အနီးကပ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား နှစ် ဦးထက်မနည်းသေဆုံးကာ ထိခိုက်မှု များပြားခဲ့ကြောင်း သိရသည်။
“ဒီကားတန်းက ပြီးခဲ့တဲ့အောက်တိုဘာလထဲက ယင်းမာပင်မြို့နယ်ကနေပြီး ပုလဲမြို့နယ် အနောက်ဘက်က ပျူစောထီးကျေးရွာက ပျူတွေကိုလာခေါ်တဲ့ကားတန်ပါ။ ကားတန်းက ၁၇ စီးပါတယ်။ အခုကျွန်တော်တို့နဲ့ ဖြစ်နေတာက ခြေလျင်လာတဲ့ ရှေ့ပြေးပွိုင့်ပေါ့နော်။ တိုက်ပွဲဖြစ်ပြီးနောက်မှာ သူတို့က ယင်းမာပင်မြို့ကို ဆက်လက်ထွက်ခွာသွားတယ် လို့ သိရတယ်” ဟု ABSDF Column-3 ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ၎င်းတို့အထိနာခဲ့သည့်အတွက် ယင်းမာပင် မြို့နယ်၊ လက်တောင်းငယ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် အိမ်ခြေ ၆၀ ကျော် မီးလောင်ကျွမ်းခဲ့ရကြောင်း သိရပြီး ဒေသခံများမှာ အနီးဝန်းကျင်ရှိ ကျေးရွာများတွင် စစ်ဘေးရှောင်တိမ်းနေရကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ABSDF အမှတ် ၁၄ တပ်ရင်းတို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြကြောင်းလည်း သိရသည်။
ပုလဲမြို့နယ်တွင် ပြီးခဲ့သည့်နိုဝင်ဘာလ ၆ ရက်နေ့ကလည်း ပုလဲမြို့ပေါ်ကထွက်လာသည့် အဆိုပါ စစ်ကောင်စီယာဉ်တန်းကို မကျည်းကန်ရွာနှင့် လက်တောင်းကြီးရွာအကြားတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများ ပြားခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ဓာတ်ပုံ – ABSDF Column – 3
#ပုလဲ #ယင်းမာပင် #စစ်ကောင်စီစစ်ကြောင်း #မိုင်းဆွဲတိုက်ခိုက်ခံရ #နေအိမ်မီးရှို့ #ရွာလုံးကျွတ် #Ayeyarwaddy_Times