
ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၉ ရက်
တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဟန် ချက်ညီပူးတွဲစစ်ဆင်ရေးများကို တနိုင်ငံလုံးအနှံ့ မကြာမီဆင်နွှဲသွားမည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန် လိုက်သည်။
နို၀င်ဘာလ ၇ ရက်နေ့က စတင်ခဲ့သည့် ကိုးကန့်တပ်မတော်(MNDAA) ၊ တအာင်း တပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA) ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင် ရေးနည်းတူ ၁၁၀၇ စစ်ဆင်ရေး အမည်တပ်၍ ကရင်နီဒေသတွင် စစ်ဆင်ရေး စတင်လိုက်သည့် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး နှင့် KNDF ပူးပေါင်း တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများသည် ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများကို တစ်နိုင်ငံလုံးအနှံ့ မကြာမီဆင်နွှဲသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များသိမ်းပိုက်ရရှိခဲ့သည့် မြို့များကိုလည်း အလုံးစုံဆက်လက် ထိန်းချုပ်ထားနိုင်ပြီး မိမိတို့အုပ်ချုပ်ရေးဖြင့် အပြီးသတ်အစားထိုး နိုင်ရန် ကြိုးစားလျက်ရှိသည် ဟုဆိုသည်။
ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီစစ်ကြောင်းများက ပိုမိုလှုပ်ရှားသွားလာနေသည်ကို တွေ့ရှိရပြီး ရေလမ်းကြောင်းအသုံးပြု၍ စစ်ရေးလှုပ်ရှားနေသည်မှာ သိသာပြီး စစ်ရေး ကြိုတင် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ဆိုထားသည်။
အလားတူ ညီနောင်မဟာမိတ်သုံးဖွဲ့က လောက်ကိုင်မြို့ကို စစ်ရေးအရှိန်မြှင့်တင်မည်ဟု ထုတ်ပြန်ထားပြီးနောက် စစ်ကောင်စီက ယမန်နေ့ နို၀င်ဘာ ၈ ရက်နေ့တွင် လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲများ နှင့် ၁၀၂၇ စစ်ဆင်ရေးကို တန်ပြန်ရေးအတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကို ရုတ်တရက်ခေါ်ယူခဲ့သည်။
ပုံစာ-မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့
#ညီနောင်မဟာမိတ် #တော်လှန်ရေးအဖွဲ့ #ဟန်ချက်ညီစစ်ဆင်ရေး #တစ်နိုင်ငံလုံးဆင်နွှဲမည် #Ayeyarwaddy_Times