နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်

ဘက်ပေါင်းစုံ ရှုံးနိမ့်လာသည့် စစ်ကောင်စီသည် ကချင်နှင့် ရှမ်းမြောက်တို့တွင် တိုက်ပွဲ ပြင်းထန်နေချိန် ရုရှားကို ဖိတ်ခေါ်၍ ပထမဆုံးအကြိမ် နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေး စတင် လေ့ကျင့်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၏ ဖိတ်ခေါ်ချက်အရ ရုရှား ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ယင်းမတိုင်မီ နိုဝင်ဘာ ၂ ရက်ကလည်း ရုရှားရေတပ်မှ အရာရှိ၊ စစ်သည် စုစုပေါင်း ၈၀၀ ခန့် လိုက်ပါလာသည့် ရုရှားဖျက်သင်္ဘော (Destroyer) စစ်ရေယာဉ် Admiral Tributs ၊ Admiral Panteleev နှင့် Sea Tanker Pechenga တို့သည် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ ရုရှားရေတပ်ဦးစီးချုပ်နှင့် အဖွဲ့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရေချုပ်ဗိုလ်ချုပ်ကြီး မိုးအောင်တို့က သီးခြား တွေ့ဆုံခဲ့ပြီး မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ပထမအကြိမ် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၆ ရက်နေ့တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“လောလောဆယ်မှာ သူ့(ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်)အနေနဲ့ အဖက်ဖက်က နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေး ဘက်စုံကျဆုံးမှုတွေ ဖြစ်ပွားနေတဲ့ အနေအထားမှာ သူလုပ်လို့ရနိုင်တဲ့နိုင်ငံတကာ အသိအမှတ်ပြုမှုကို ဆွဲဆောင်စည်းရုံး နိုင်ဖို့အတွက် ကြိုးစားနေတဲ့ သဘောပါပဲ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းကို တင်္နသာရီတိုင်း၊ မြိတ်မြို့၏ အနောက်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာတွင် စစ်ကောင်စီ ရေတပ်နှင့် ရုရှားရေတပ်မှ စစ်ရေယာဉ်များဖြင့် ယနေ့ နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

လက်ရှိ စစ်ခေါင်းဆောင်၏ အခြေအနေသည် ငြိမ်းခါနီး ထတောက်နေသည့် ဖယောင်းတိုင်ကဲ့သို့ဖြစ်နေပြီး ၎င်းတို့ကို လာရောက်ကူညီနေသည့် အင်အားစု များသည်လည်း ကာလတိုအချို့သာ ပါဝင်လှုပ်ရှားနေခြင်းဖြစ်ကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။

“ရေကြောင်းနဲ့ ပတ်သက်ရင် ဗမာပြည်ရဲ့ စစ်ရေးနဲ့ အဆုံးအဖြတ် ပေးနိုင်တဲ့အထဲမှာ ဘယ်တုန်းကမှ မပါဝင်ခဲ့ပါဘူး။ အခုလည်း မပါဝင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အခုကတော့ ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးကို ရုရှားနဲ့ပူးပေါင်းပြီး လုပ်မယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ အခုဗမာပြည် ပြည်တွင်းစစ်အတွင်းမှာ ဘယ်လိုမှ ထူးခြားတဲ့ စစ်ရေးအရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်စရာ မရှိဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းတွင် စစ်ကောင်စီ ရေနှင့်လေတို့မှ လေယာဉ်၊ ရဟတ်ယာဉ်၊ စစ်ရေယာဉ်များနှင့် ရုရှားရေတပ်မှ စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များ ပူးပေါင်း၍ ဝေဟင်ရန်၊ ရေပြင်ရန်၊ ရေအောက်ရန် ကာကွယ်ရေး လေ့ကျင့်ခန်းများ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အထူးသဖြင့် ရုရှားနဲ့ အခုအနောက်ဘက်ကမ္ဘာတွေနဲ့ ဖြစ်နေတဲ့အချိန်၊ မြန်မာ နိုင်ငံအတွင်းမှာ နိုင်ငံရေးရှုပ်ထွေးနေတဲ့အချိန်မှာ မြန်မာနိုင်ငံအနေနဲ့လည်း အနောက် ဘက် ပါဝင်ပတ်သက်မှုတွေ၊ လွှမ်းမိုးမှုတွေကို သူတို့က လျှော့ချချင်တဲ့အချိန် သူတို့ အနေနဲ့ လမ်းတူလို့ လူချင်းတွေ့ကြတဲ့ သဘောပေါ့။ အဲ့ဒီတော့ သူတို့က လမ်းတူတယ်၊ သဘောက allied(မဟာမိတ်) ဖြစ်တယ်။ အဲ့အတွက်ကြောင့် ပူးပေါင်းကြတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် တရုတ်နည်းတူ ရုရှားအား အားကိုးခဲ့ပြီး နှစ်နိုင်ငံအကြား စစ်ရေး နှင့် နည်းပညာကဏ္ဍအပြင် ရင်းနှီးမြှုပ်နှံမှုများကိုပါ ပူးပေါင်း လုပ်ဆောင်လာခဲ့သည်။

“အခုစစ်ဖြစ်နေတဲ့ အတွက်ကြောင့်မို့ ရုတ်တရက်ကြီး ထပူးပေါင်းပြီးတော့ ဒီဟာနဲ့ ထလုပ်မယ်၊ မလုပ်ဘူးဆိုတာကိုတော့ ချိတ်ဆက်မှုအနေနဲ့ ပြောလို့မရဘူး။ ဒါပေမယ့် ကျိန်းသေတာတော့ စစ်ကောင်စီက နှစ်ခုစလုံး ဒီပူးပေါင်းမှုတွေ ရှိနေသလိုမျိုး တစ်ဖက်မှာလည်း တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်သွားမယ်၊ အမြစ်ပြတ် ချေမှုန်းမယ်လို့ သူ(စစ်ခေါင်းဆောင်)ကပွင့်ပွင့်လင်းလင်းပြောထားပါတယ်” ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုသည်။

လက်ရှိအနေအထားအရ စစ်ကောင်စီသည် ကုလသမဂ္ဂ၊ UN အပါအဝင် အနောက်ဒီမိုကရေစီ နိုင်ငံများက တိုက်တွန်းနေသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားရန်ဆိုခြင်းထက် ရုရှား၊ တရုတ်တို့နှင့် ပိုမိုဆက်ဆံရန်အတွက် အာသီသ များနေသည်ကို တွေ့ရကြောင်း ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောကြားသည်။
ဓာတ်ပုံ- စစ်ကောင်စီ
#စစ်ကောင်စီရုရှား #ပထမဆုံးအကြိမ် #ရေကြောင်းလုံခြုံရေး #စတင်လေ့ကျင့် #Ayeyarwaddy_Times