ဧရာ၀တီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်

ဧရာဝတီတိုင်းတွင် စစ်ကောင်စီက တပ်သားသစ် စုဆောင်းနေပြီး စစ်ကောင်စီတပ် အတွင်း ဝင်ရောက်ပါက မိသားစုအတွက် ထောက်ပံ့ကြေးပေးမည်ပြော၍ ခေါ်ယူနေသော်လည်း ကျန်ခဲ့သော မိသားစုအတွက် ထောက်ပံ့ကြေးရရှိခြင်းမရှိကြောင်း တပ်သားသစ်စုဆောင်းခြင်း ခံရသူ အမျိုးသားတစ်ဦးထံက သိရသည်။

စစ်ကောင်စီက စစ်တပ်အတွင်းဝင်ရောက်ရန် လူသစ်စုဆောင်းရာတွင် ဧရာဝတီတိုင်းအတွင်း အဓိကထားရှာဖွေနေပြီး ဧရာဝတီတိုင်းပြင်ပတွင်လည်း အသွင်အမျိုးမျိုးဖြင့် လူသစ်စုဆောင်း ခေါ်ယူနေကြောင်း ဒေသခံများထံက သိရသည်။

“အခုက အရပ်ဝတ်တွေနဲ့ လာပြီး ရွာထဲက ကြံခိုင်ရေးအဖွဲ့တွေနဲ့ပေါင်းပြီး လူသစ်လာ စုတယ်။ ဘယ်လိုပြောလည်းဆိုတော့ တပ်ထဲဝင်ရင် မိသားစုကို ၅ သိန်းထောက်ပံ့မယ်။ ပြီးရင် အကြွေးတွေလည်းဆပ်ပေးမယ်ဆိုပြီးပြောတယ်။ ဆေးစစ်ဖို့အရင်ခေါ်သွားမယ်။ ဆေးအောင်လို့သင်တန်း စတတ်တာနဲ့ပေးမယ်ဆိုပြောပြီး အချို့တွေက အလုပ်မရှိ တော့ပါသွားကြတယ်။ ပါသွားသူတွေနဲ့အဆက်သွယ်ရတော့ သင်တန်းတတ်ရတော့မယ်။ ပိုက်ဆံကိစ္စကတော့ဘာမှမပြောဘူးလို့ ပြောတယ် ” ဟု ကျောင်းကုန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲများဖြစ်ပွားပြီး အကျအဆုံးများနေသော စစ်ကောင်စီတပ်အနေဖြင့် ပွဲစားများ နှင့်ပါချိတ်ဆက်ပြီး လူသစ်ရှာဖွေခိုင်းကာ စစ်တပ်အတွင်း ဝင်ရောက်ရန် တပ်သားသစ် စုဆောင်း၍ အရောင်းဝယ်ပြုလုပ်နေကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

“စစ်တပ်က လူအင်အားလိုအပ်နေပြီ ဆိုတာသိသာတယ်။ ဧရာဝတီတိုင်းထဲမှာ ရှိတဲ့တပ်တွေက ရွာတွေထိဆင်းတယ်။ တစ်ရွာတစ်ယောက်ပေးရမယ် ဆိုပြီး တောင်းတယ်။ နောက် လူငယ်တွေကို ရွာကိုကာကွယ်ဖို့စစ်သင်တန်းတတ်ရမယ်ဆိုပြီး တစ်ဖက်လှည့်နဲ့တပ်ထဲထိုးထည့်တာတွေပါလုပ်နေတယ်။ အခုရွာဘက်က လူငယ်တွေ တော်တော်များများက စစ်ထဲဝင်ရမှာစိုးလို့ ရန်ကုန်တို့ ၊ မော်လမြိုင်တို့ နဲ့ လောက်ကိုင် ဘက်တွေကိုထွက်ပြီး အလုပ်လုပ်နေကြတာ” ဟု ကျောင်းကုန်းမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်များတွင် တပ်သားအင်းအားလျော့နည်းလာ၍ ပြည်သူ့စစ်နှင့် စစ်မှူထမ်းဟောင်းများကို လစာပေးကာ ကင်းပတ်ခြင်း နှင့် ဌာနဆိုင်ရာ ရုံးများတွင် လုံခြုံရေးပြုလုပ်ခိုင်းခြင်းများ ဆောင်ရွက်နေကြောင်း ဒေသခံများထံက သိရသည်။

#စစ်ကောင်စီ #ဧရာဝတီတိုင်း #တပ်သားသစ်စုဆောင်း #မိသားစုထောက်ပံ့ကြေးမရ #Ayeyarwaddy_Times