ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ နိုဝင်ဘာလ ၈ ရက်

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) စခန်းအပြင်ဘက်ရှိ စစ်ကောင်စီစခန်း နှစ်ခုကို ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းအချိန်က ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်း တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားရရှိခဲ့ကြောင်း သိရသည်။

ပန်တိန်းရွာအနီးရှိ အဆိုပါစစ်ကောင်စီစခန်း နှစ်ခုကို ယမန်နေ့ နံနက် ၄ နာရီခန့်မှစတင်၍ နံနက် ၁၀ နာရီဝန်းကျင်ထိ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးဝန်းကျင် သေဆုံးခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၁၆ လက်သိမ်းဆည်းရမိခဲ့ကာ ခဲယမ်းအများ အပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သိထားရတာက ပန်တိန်းကျေးရွာအနားမှာ BGF တပ်တစ်ခုရှိတယ်။ BGF တပ်စခန်းဆိုပေမဲ့ စစ်ကောင်စီကထိုင်ထားတယ်ပေါ့နော်။ အခုက BGF စခန်းအပြင်က စခန်း နှစ်ခုကို ဝင်တိုက်ကြတယ်ပေါ့။ အခုကတော့ ကျွန်တော်တို့သိထားရသလောက် ကတော့ စခန်းနှစ်ခု သိမ်းထားတယ်လို့သိရတယ်။ စခန်းသိမ်းထားတာထက် ဝင်တိုက် တာပေါ့။ တိုက်ပွဲပြီးတော့ ပြန်ခွာလာကြတယ်ပေါ့။ ” ဟု KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ခိုက်မှုအတွင်း ကရင်နီ‌တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့ရပြီး KNDF တပ်ဖွဲ့မှ ရဲဘော်တစ်ဦးပါဝင်ကြောင်း KNDF က ဧရာ၀တီတိုင်းမ်ကို အတည်ပြုပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF)၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော်(PDF) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်အတွင်း ဖော်ဆောင်ခဲ့သည့် အဆိုပါ စခန်းသိမ်းတိုက်ခိုက်မှုကို ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က “၁၁၀၇ စစ်ဆင်ရေး” ဟု အမည်ပေးထားကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ကရင်နီ #မယ်စဲ့ #စစ်ကောင်စီစခန်း #စခန်းသိမ်း #လေကြောင်းတိုက်ခိုက် #လက်နက်ခဲယမ်းသိမ်းဆည်း #Ayeyarwaddy_Times