ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၈ ရက်

ရှေ့တန်းတွင် စစ်စခန်းများ၊ တပ်သားများ ကျဆုံးမှုများနေသည့်အတွက် စစ်ကောင်စီတပ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအားလုံး ယတြာချေ၍ ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်ပူဇော်ကြရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရသည်။

တပ်ရင်း၊ တပ်ဖွဲ့များအားလုံးတွင် မဟာသမယသုတ်နှင့် ပရိတ်ကြီး ၁၁ သုတ် ကို ရွတ်ဖတ်ရမည်ဖြစ်ပြီး ရွတ်ဖတ်မည့် ရဲမေများအနေဖြင့် ယောဂီ၀တ်စုံ၀တ်ဆင်ပြီး ကိုး ပါးသီလခံယူ၍ ရွတ်ဖတ်ပူဇော်ရမည်ဟု အဆိုပါညွှန်ကြားချက်တွင် ‌ဖော်ပြထားသည်။

ထိုသို့ ရွတ်ဖတ်ပူဇော်ခြင်းမပြုမီ ဘုရားကျောင်းဆောင်ရှေ့တွင် ကျောက်ကျော သုံးတုံး၊ ဘယာကြော်သုံးခုနှင့် မုန့် လုံးရေပေါ်သုံး လုံးစီထည့်ထားသည့် ပန်းကန် ၁၀၈ ချပ်ကို ကပ်လှူပူဇော်၍ ယတြာချေရမည်ဟု ညွှန်ကြားထားခြင်းဖြစ်သည်။

ယတြာချေ ဆုတောင်းမှုကို နို၀င်ဘာ ၈ ရက်နေ့မှ စတင် ပြီး နို၀င်ဘာ ၁၆ ရက်နေ့အထိ ၉ ရက် တိတိလုပ်ဆောင်ရမည်ဖြစ်ပြီး နေ့စဉ် နံနက် ၉ နာရီတွင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

“ကိုးန၀င်းယတြာပေါ့။ ဓာတ်ရိုက်ဓာတ်ဆင် တပ်တွင်းထဲက ဓမ္မာရုံမှာ နေ့စဉ် လုပ်ဆောင်ရပါမယ်” ဟု တပ်တွင်းနေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြော သည်။

ယင်းညွှန်ကြားချက်သည် စစ်ကောင်စီ၏ တပ်နယ်များအားလုံးကို ထပ်ဆင့်ညွှန်ကြား သွားရန်ဟုဆိုကာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
#စစ်ကောင်စီတပ်တွင်း #ပရိတ်ရွတ်ဆုတောင်း #ယတြာချေ #ကျောက်ကျောဘယာကြော်မုန့်လုံးရေပေါ် #တောင်ပိုင်းတိုင်းစစ်ဌာနချုပ် #Ayeyarwaddy_Times