
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ် ရှိ လွယ်ဘွာလ်းရပ်ကွက်တွင် ယမန်နေ့က မိုင်းမတော်တဆ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ချင်းအမျိုးသားတပ်မတော်(CNA) ဒုဗိုလ်အပါင်ဝင် သုံးဦးကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၆ နာရီချိန်တွင် CNA ရဲဘော်များ စီးနင်းလာသည့် Surf အမျိုးအစား ကားပေါ်တွင် မိုင်းမတော်တဆ ပေါက်ကွဲသွားခြင်းဖြစ်ပြီး ကားတစ်စီးလုံး ကြေမွပျက်စီးသွားကာ ကားပေါ်ပါလာသည့် ရဲဘော်များလည်း ကျဆုံးသွားခဲ့သည်ဟု ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းဝိုင်းက ပြောသည်။
“မနေ့ည ၆ နာရီလောက်က အထက-၂ ကျောင်း လမ်းခွဲအနားမှာကားပေါ်မိုင်းမတော်တဆပေါက်ကွဲမူဖြစ်တာပါ။ ကားပေါ်ပါလာတဲ့ CNA ရဲဘော်တွေ အကုန်ကျဆုံးခဲ့တယ်၊ အလောင်းတွေလည်း တစ်စစီဖြစ်သွားတယ်”ဟု အဆိုပါဖြစ်စဉ်ကို သိရှိသူတစ်ဦးက ဧရာဝတီတိုင်းကိုပြောသည်။
ကျဆုံးသွားသူများမှာ CNA ဒုဗိုလ် ဆလိုင်း အဲလစ်မာ၊ ဆလိုင်း ရိုနာလ်နှင့် ဆလိုင်းဂျိုးဆွတို့ဖြစ်ပြီး ပေါက်ကွဲမူဖြစ်ပွားသည့် နေရာတွင် လူနေအိမ် တစ်လုံးပျက်စီးသွားခဲ့ကာ လူနေအိမ် ခြောက်လုံး၏ ပြတင်းပေါက်နှင့် အမိုးအကာများ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
#တီးတိန်မြို့ #မိုင်းမတော်တဆပေါက်ကွဲမှုတွင် #CNAဒုဗိုလ်အပါဝင် #၃ဦးကျဆုံး
#Ayeyarwaddy_Times