
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်
ထိုင်းအစိုးရက ဂါဇာဒေသမှာ ထိန်းသိမ်းခံထားရတဲ့ ထိုင်းဓားစာခံ ၂၃ ဦး လွတ်မြောက်ရေးအတွက် အီရန် နိုင်ငံနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး စေ့စပ်ညှိနှိုင်းမှုမှာ ကာတာနိုင်ငံလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဟားမာစ်အဖွဲ့ရဲ့ အစ္စရေးနိုင်ငံတောင်ပိုင်းရှိ အသိုင်းအဝိုင်းတွေကိုပြုလုပ်ခဲ့တဲ့ အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံသားအများအပြား သေဆုံးကာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။
ဂါဇာဒေသရှိ စိုက်ခင်းတွေဟာ နိုင်ငံခြားသားတွေကို အလုပ်ခန့်အပ်တာ ကြာခဲ့ပြီဖြစ်ပြီး အများစုက ထိုင်း နိုင်ငံသားတွေ ဖြစ်ပါတယ်။
ဟားမာစ်အဖွဲ့ရဲ့ အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံသား ၃၂ ဦး သေဆုံးကာ ၂၃ ဉီး ပြန် ပေးဆွဲခံခဲ့ရတယ်လို့ ထိုင်းအစိုးရရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဂါဇာဒေသရှိ ထိုင်းနိုင်ငံသားဓားစာခံတွေ ဘေးအန္တရာယ်ကင်းပြီး မကြာမီ လွတ်မြောက်မယ်လို့ ထိုင်းဝန် ကြီးချုပ် ဆရက်သာသာဗီဆင်းက ဒီသီတင်းပတ်အတွင်း ပြောကြားခဲ့ပေမယ့် ဟားမာစ်အဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းမှု သို့ မဟုတ် ဘယ်သူတွေနဲ့ ညှိနှိုင်းနေတယ်ဆိုတာကိုတော့ အသေးစိတ် မပြောကြားခဲ့ပါဘူး။
ဂါဇာဒေသရှိ ဓားစာခံတွေ လွတ်မြောက်ရေး စီစဉ်ဆောင်ရွက်ဖို့ ယာယီ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်တစ်ရပ် လိုအပ်တယ်လို့ သာဗီဆင်းက ပြောကြားခဲ့ပါတယ်။
ထိုင်းအစိုးရဟာ မကြာသေးမီက ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီသို့ ဒေါ်လာ ၈၅၀၀၀ ခန့် လှူဒါန်းခဲ့ရာ အဆိုပါလှူဒါန်းမှုက ထိုင်းဓားစာခံတွေ လွတ်မြောက်ရေး စေ့စပ်ညှိနှိုင်းမှုနဲ့ သက်ဆိုင် ခြင်းရှိ မရှိ မသိရပါဘူး။
ဂါဇာဒေသသို့ ကမ္ဘာလုံးဆိုင်ရာ အကူအညီပေးဖို့ ကုလသမဂ္ဂရဲ့ မေတ္တာရပ်ခံချက်ကြောင့် ငွေကြေး လှူ ဒါန်းခဲ့တာလို့ ထိုင်းအစိုးရက ပြောကြားခဲ့ပါတယ်။
ဖမ်းဆီးခံ ထိုင်းနိုင်ငံသားတွေကို လွှတ်ပေးဖို့ စေ့စပ်ညှိနှိုင်းရာမှာ အီရန်နိုင်ငံက အဓိကအခန်းကဏ္ဍမှ ပါ ဝင်နေပြီး ဓားစားခံတွေကို အီဂျစ်၊ အီရန်မှတစ်ဆင့် မိခင်တိုင်းပြည်သို့ လွှဲပြောင်းပေးမယ်လို့ သိရပါတယ်။
ထိုင်းဒုတိယဝန်ကြီးချုပ် ဉီးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မကြာသေးမီရက်တွေအတွင်း တီဟီရန်မြို့ တော်မှာ အီရန် နိုင်ငံခြားရေးဝန်ကြီး ဟော်စိန်အဗ္ဗဒူလာဟီရန်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ပုံတစ်ပုံကို Channel 12 က ဖော်ပြခဲ့ပါတယ်။
ထိုင်း စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်မှာ ဟားမာစ်အဖွဲ့မှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးနေတာလို့ Bangkok Post သတင်းစာက ပြီးခဲ့တဲ့အပတ်အတွင်း ဖော်ပြခဲ့ပါတယ်။
ကိုးကား – The Times of Israel