ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၈ ရက်

မန္တလေးတိုင်း၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမှတ် (၂) နယ်မြေရဲစခန်းကို ပြည့်သူ့ကာကွယ်ရေးတပ်မတော် (PDF) များလာရောက်၍ တိုက်ခိုက်ပါက လက်နက်များ ထား၍ စခန်းစွန့်ခွာထွက်ပြေးမည်ဟုဆိုကြောင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံက သိရသည်။

အောင်မြေသာစံ အမှတ် (၂) နယ်မြေရဲစခန်းသည် မန္တလေးမြို့ ၇၆ လမ်း၊ ၄ လမ်းနှင့် ၅ လမ်းကြားတွင်ရှိပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား အင်အား ၂၀ ၀န်းကျင်ခန့် ရှိကြောင်း ဒေသခံများထံက သိရသည်။

“အကယ်၍များ PDF တွေ ရဲစခန်းကိုလာတိုက်ရင် အသေတော့မခံနိုင်ဘူး။ ကိုယ့် အသက်လောက် ဘယ်အရာမှ အ‌ရေးမကြီးဘူး။ လွတ်တဲ့နေရာပြေးရမှာပဲလို့ပြောတယ်။ အပြင်ကိုလည်းသိပ်မထွက်ကြဘူး။ ကွမ်းယာထွက်၀ယ်တာလောက်ပဲရှိတယ်။ အရင်ကတော့ အပြင်ထွက်ပြီး ဆိုင်ကယ်တို့ သုံးဘီးတို့ ဖမ်းဆီးတာမျိုးတော့ရှိကြတယ်။ ရပ်ကွက်ထဲက စျေးဆိုင်တွေကိုလည်း စောစောဆိုင်သိမ်းခိုင်းထားတယ်” ဟု စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အောင်သာစံမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ယခု နို၀င်ဘာလအတွင်း သုံးဘီး ဆယ်စီးကျော်ကိုဖမ်းဆီးထားပြီး တစ်စီးလျှင် ကျပ်ငွေ သုံးသိန်း (၃၀၀,၀၀၀) အထိတောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိ အောင်မြေသာစံ အမှတ် (၂) နယ်မြေရဲစခန်း၏ ဂိတ်အဝင်ပေါက် ဘန်ကာတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦးကင်းစောင့်နေပြီး ရဲတပ်ဖွဲ့အများစုမှာ စခန်းပြင်ပကို ထွက်လာခြင်းမရှိတော့ဘဲ ရဲစခန်းအတွင်းနေထိုင်ကာ ချက်ပြုတ်စားသောက်နေကြောင်း အောင်မြေသာစံရပ်ကွက်ရှိ‌ ဒေသခံများထံက သိရသည်။

မန္တလေးတိုင်းအတွင်းရှိ မန္တလေးမြို့နှင့် ပြည်ဦးလွင်မြို့နယ်တို့ရှိ မြို့နှင့်အနည်းငယ် ဝေးသည့် ရဲစခန်းများနှင့်ဂိတ်များကို နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ပိတ်သိမ်း၍ အဆိုပါ ရဲတပ်ဖွဲ့၀င်များကို အင်အားများသည့် နေရာများသို့ ပေါင်းစည်းမှုများ ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းထံက သိရသည်။

ပြီးခဲ့သည် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၊ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများတွင် ရဲတပ်ဖွဲ့ဝင် အင်အား အနည်းဆုံး ၃၀ ဝန်းကျင် သေဆုံးခဲ့၍ မန္တလေးတိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များကို မြို့ပြင်လုံခြုံရေးနေရာများတွင် အသုံးမပြုတော့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို သုံးသပ်ပြောကြားသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-အောင်မြေသာစံမြို့နယ်၊ အမှတ် (၂) နယ်မြေရဲစခန်း၏ လက်ရှိအခြေအနေ

#အောင်မြေသာစံ #နယ်မြေရဲစခန်းပိတ်ထား #PDFများလာရောက်တိုက်ခိုက် #လက်နက်များထားခဲ့ပြီး #စခန်းစွန့်ခွာထွက်ပြေးမည် #Ayeyarwaddy_Times