ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ နိုဝင်ဘာလ ၇ ရက်

မကွေးတိုင်း၊ ဆောမြို့ပေါ်တွင် ဆိုင်ကယ်စီးနင်းနေသော ခရစ်ယာန်ဓမ္မအမှုတော်ဆောင် ပါစတာမန်ကွီးကို ယမန်နေ့၊ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့၍ သေဆုံးသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ဖခင်ကို ကြည့်ရှုရန် သွားရောက်သည့် သားဖြစ်သူ ဆလိုင်းလှေ့မန်ကိုလည်း စစ်ကောင်စီတပ်က ထပ်မံပစ်ခတ်ခဲ့၍ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

“ပါစတာက ဆိုင်ကယ်စီးနေရင်းနဲ့ ခေါင်းကို ပစ်လိုက်ကြတယ်။ ချက်ချင်း သေတယ်လို့ သိရတယ်။ အဲ့ဒါကို ပြန်ကြည့်ဖို့ သားက လိုက်သွားတော့ ရင်ဘတ်မှာ အပစ်ခံရတာ။ ကန်ပက်လက်သားတွေကို အငြိုးထားပြီး ပစ်တာလည်း ဖြစ်နိုင်တယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်၍ သေဆုံးသွားသော ခရစ်ယာန်ပါစတာနှင့် သားဖြစ်သူသည် ကန်ပက်လက်မြို့နယ်၊ ဒေသခံများဖြစ်ပြီး ဆောမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ချင်းတိုင်းရင်းသား သုံး ဦးကိုလည်း စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးထားပြီး လက်နက်ကြီးများဖြင့်လည်း ရမ်းသန်းပစ်ခတ်ခလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

ပုံစာ-စစ်ကောင်စီတပ်၏ ပစ်သတ်ခြင်းခံခဲ့ရသည့် ဆလိုင်းလှေ့မန်

#ဆောမြို့ #စစ်ကောင်စီ #ခရစ်ယာန်တရားဟောဆရာတစ်ပါး #သားဖြစ်သူ #အကြောင်းမဲ့ပစ်သတ် #Ayeyarwaddy_Times