ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်

အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်နှင့်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း တစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များမှ ဖမ်းဆီးသိမ်းဆည်းထားသည့် တရားမဝင် ကုန်ပစ္စည်းများအနက်မှ ဝေဖာမုန့်များကို လေလံတင်ရောင်းချမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အကောက် ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

သွင်းကုန်လိုင်စင် အထောက်အထားမပါသည့် တန်ဖိုးကြီးပစ္စည်းအများအပြား ဖမ်းဆီး ထားသော်လည်း လေလံတင်ရာတွင် Solar Search Light၊ Thinner ပိတ်ဖြတ်စ၊ ကြွေပြား ၊ ဝေဖာမုန့်နှင့် အထွေထွေကုန်ပစ္စည်းများကို ဒီဇင်ဘာ ၈ ရက်နေ့တွင် လေလံပွဲ ပြုလုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အကောက်ခွန်ဦးစီးဌာနထံက သိရသည်။

အဆိုပါလေလံပုံစံကို နိုဝင်ဘာ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း တစ်စောင်တစ်သောင်းကျပ်နှုန်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကာ လေလံပုံစံဝယ်ယူသူများအတွက် လေလံရောင်းချမည့်ပစ္စည်းများကို နိုဝင်ဘာ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၆ ရက်နေ့အတွင်း ၅ ရက် ပြသမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုလျော့ချရန်အတွက် ကုန်ပစ္စည်းတင်သွင်းမှုများကို ထိန်းချုပ်ထားပြီး မလိုအပ်သည့် ပစ္စည်းများတင်သွင်းခွင့်မပြုဟုဆိုကာ ကုန်ပစ္စည်း အများစုကို သွင်းကုန်လိုင်စင်လျှောက်ခိုင်းခြင်းကြောင့် လုပ်ငန်းကြန့်ကြာမှုများရှိ ကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံက သိရသည်။

ထို့ပြင် လိုင်စင်လျှောက်ထားမှုကြန့်ကြာခြင်း၊ နိုင်ငံ‌ခြားငွေရရှိမှုခက်ခဲခြင်းများကြောင့် တရားမဝင်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်ထွန်းစေရန် တွန်းအားပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် စားသုံးကုန်၊ ခေါက်ဆွဲထုပ်၊ ပဲနို့၊ စားသုံးဆီများအပါအဝင် တာယာ ၊ ပိုးသတ်ဆေး ၊လျှပ်စစ်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကို ဖမ်းဆီးရမိကြောင်း အကောက်ခွန်ဦးစီးဌာနထံက သိရသည်။

ယင်းပြင် တရားမဝင်ကုန်စည်များဖမ်းဆီးရာတွင် တစ်လအတွင်းပျှမ်းမျှ အမှုတွဲ ၂၀၀ နီးပါးရှိပြီး တန်ဖိုး ကျပ်သန်းတစ်ထောင်ကျော်ဖမ်းဆီးခံရကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#တရားမဝင်ပစ္စည်းလေလံတင် #အကောက်ခွန်စီးဌာန #ဝေဖာမုန့်များ #Ayeyarwaddy_Times
Boost thi