ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ မှ ဆိုင်ကယ်စီးဦးထုပ်၊ ယာဉ်လိုင်စင်နှင့် မောင်းလိုင်စင်များအား ဖမ်းဆီးရာတွင် ကျေးရွာများအထိ ဆင်းဖမ်းနေပြီး လယ်ထဲဆင်းသူများကိုပါ ဖမ်းဆီးဒဏ်ရိုက်ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ယာဉ်စည်းကမ်း အကြောင်းပြကာ ဆိုင်ကယ်စီးသူများအား ဖမ်းဆီးရာတွင် မြို့ပေါ်တွင်သာမကပဲ မြို့နှင့်ဝေးသော ကျေးရွာများအထိ ဆင်းဖမ်းနေကြသဖြင့် ကျေးရွာမှ လယ်ထဲဆင်းအလုပ်လုပ်သူများ ဖမ်းဆီးဒဏ်ရိုက်ခံနေရကြောင်း ဒေသခံများကပြောသည်။

“ရဲတွေက ဆိုင်ကယ်တွေနဲ့ မောင်းပြီးလိုက်ဖမ်းတာ။ အရင်က ကားလမ်းမပေါ်မှာပဲ ဖမ်းတာ အခုကျတော့ ရွာထဲအထိဝင်ဖမ်းတယ်။ လယ်ထဲဆင်းတဲ့သူတွေ စပါးရိတ်တဲ့သူတွေက သုံးယောက်စီးတာလည်းရှိတယ် အခြားနေရာကနေ လာတာလည်းမဟုတ်ဘူး ကိုယ်နေရာနဲ့ကိုယ်ဆိုတော့ ဒီလိုပဲ အလုပ်ဆင်းတာပေါ့ ။ ဒါကို အစောကြီး လာဖမ်းတာ။ မိတာနဲ့ တစ်ယောက်ကို သုံးသောင်းအထိပေးရတယ်။ စားဖို့မရှိလို့ ကောက်ရိတ်တဲ့သူတွေက ဘယ်လိုပေးမလဲ။ အချို့ဆို ရှိတာလေးတွေပါ ပေါင်နှံပေးလိုက်ရတယ် “ဟု ပန်းတနော်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီမှ ယာဉ်စည်းကမ်းအကြောင်းပြ ဖမ်းဆီးနေသော်လည်း ဖမ်းမိသူများအား ချလံဖြတ်ခြင်းမရှိပဲ ငွေတောင်းယူနေကာ အဝေးမှလာသူများအား ဒဏ်ငွေရိုက်ရာတွင် ငွေမပါလာပါက Kpay ၊ wave money များဖြင့် ဖုန်းထဲလွှဲခိုင်းပြီး ဒဏ်ရိုက်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

“ဦးထုပ်ဖမ်းတာဆိုလို့ ဦးထုပ်ဆောင်းသွားတယ်။ ဒါကိုတားပြီး လိုင်စင်စစ်တယ် ဆိုင်ကယ်လိုင်စင်ပါတယ် မောင်းလိုင်စင်မပါလို့ဆိုပြီး သုံးသောင်းခွဲဒဏ်ရိုက်တယ်။ ပိုက်ဆံမပါလို့ ပါသလောက်ယူပါဆိုပြီး စျေးဝယ်မဲ့ပိုက်ဆံ နှစ်သောင်းကျော်ပေးတာကို မရဘူးဆိုလို့ အိမ်ကနေ Wave ဆိုင်ကနေ လိုတာလွှဲခိုင်းရတယ်။ သူတို့က စည်းကမ်မဟုတ်တော့ဘူး ဓားပြတိုက်သလိုလုပ်နေကြတာ “ဟု ပန်းတနှော် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်းအတွင်း ဆိုင်ကယ်ဖမ်းစီးရာတွင် စစ်ကောင်စီလက်အောက်ခံ ရဲ ၊မီးသတ်နှင့် ပြည်သူ့စစ်များမှ ဦးဆောင်ဖမ်းဆီနေကြခြင်းဖြစ်သည်။

#ပန်းတနော် #ကောင်စီလက်အောက်ခံ #ရဲတပ်ဖွဲ့မှ #ကျေးရွာများထိ #ဆိုင်ကယ်များကို #လိုက်လံဖမ်းဆီးပြီးဒဏ်ရိုက် #Ayeyarwaddy_Times