ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်

ဧရာဝတီတိုင်းအတွင်းတွင် အသံချဲ့စက်များ၊ လော်စပီကာများ နှင့် ဆောင်းဘောက်ကြီးများအား ံနေရန်သတ်မှတ်ချက်မရှိပဲ နေ့ရောညပါဖွင့်လှစ်နေသဖြင့် သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူများ အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

ဧရာဝတီတိုင်းတွင် မင်္ဂလာဆောင် ၊ အလှူများ နှင့် အလှူခံများတွင် ဆောင်းဘောက်နှင့် လော်စပီကာ ၊ အသံချဲ့စက်များအား ဖွင့်ရာတွင် အချိန်သတ်မှတ်ချက်ထားရှိခြင်းမျိုးမရှိပဲ ဖွင့်ခွင့်ပေးထားသဖြင့် အသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ အခက်ကြုံနေရကြောင်း ဒေသခံများက ပြောသည်။

“ဝါကျွတ်မှကြားရတာမဟုတ်ပါဘူးဗျာ။ ဝါတွင်းကာလမှာလည်း ဘောက်တွေဖွင့် မူးရူးကနေကြတာ အခုဝါကျွတ်တော့ပိုဆိုးတာပေါ့။ အလှူတွေ ၊မဂ်လာဆောင်တွေကို ဗန်းပြပြီး လုပ်နေကြတာ ၊ ဒီဒဏ်ကိုတောဘက်မှာပိုခံရတယ်။ ဖွင့်တာကလည်းသေးသေးလေးတွေမဟုတ်ဘူး။ အနားကပ်နားထောင်လို့တောင်မရတဲ့ဘောက်တွေ ကျန်းမာရေးမကောင်းတဲ့သူတွေရှိတယ်လို့ပြောလည်းမရဘူး။ အလှူရှိလို့ဖွင့်တာ ဆိုပြီးပြောတယ်။တိုင်လည်းဘာမှမထူးဘူး ပိုတောင်ဆိုးလာသေးတယ် “ဟု ဒူယားမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဧရာဝတီတိုင်းအတွင်းတွင် အလှူနှင့် ကထိန်ရာသီတွင် ဆောင်းဘောက်ကြီးများအား အပြိုင်အဆိုင်ဖွင့်ကြပြီး တားမြစ်ခြင်းတစ်စုံတစ်ရာမရှိကြောင်း ဒေသခံများထံမှသိရသည်။

“ကထိန်ပွဲ ဖွင့်မယ်ဆို ကထိန်မတိုင်ခင်ထဲက ဘောက်တွေ ပြိုင်ဖွင့်တာ။ သူထက်ငါအသံကျယ်အောင်ဖွင့်ကြတော့ အသံစုံနေတာပဲ။ သူတို့သီချင်းတွေက အလှူနဲ့လည်းမဆိုင်သလို ကထိန်နဲ့လည်းမဆိုင်ဘူး ။ စစ်တပ်ကကောင်တွေကလည်း ပျော်ပွဲ ရွှင်ပွဲဆို သိပ်အားပေးတာ လုံခြုံရေးတောင်လုပ်ပေးလိုက်သေးတယ် “ဟု ဟသ်တမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လော်စပီကာများ အသံချဲ့စက်များအတွက် ဥပဒေထုတ်ပြန်ထားသော်လည်း လက်တွေ့တိုင်ကြားမည်ဆိုပါက အဆင်ပြေမှုမရှိပဲ ဥပဒေအတိုင်းဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ဒေသခံများကပြောသည်။

#ဧရာဝတီတိုင်းတွင်း #အသံချဲ့စက် #ဆောင်းဘောက် #အချိန်သတ်မှတ်ချက်မရှိ #ဖွင့်နေ ##သက်ကြီးရွယ်အို #ကျန်းမာရေးမကောင်းသူ #အခက်ကြုံနေရ
#Ayeyarwaddy_Times