နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်

အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်သည့် ကရင်ပြည်နယ်နေ့ကို ကရင်အမျိုးသား အစည်းအရုံး(KNU) အနေဖြင့် အသိအမှတ်ပြုခြင်းမရှိသလို ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းကိုလည်း တာဝန်ပေးထားခြင်း မရှိကြောင်း သိရသည်။

ကရင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းလုံး၌ လေကြောင်း၊ ကြည်းကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသော စစ်ကောင်စီသည် ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့က (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့တွင် ပြုလုပ်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း လည်း တက်ရောက်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

“လက်ရှိအခြေအနေအရ ပဒိုရွှေမောင်းက ခွင့်ရက်ရှည် ယူထားပြီး တာဝန်လုံးဝ မရှိပါဘူး။ ခရိုင်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ရှိရမယ့် တာဝန်ဝတ္တရား၊ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာလည်း အလွန်ကင်းမဲ့နေပြီး ခရိုင်ဌာနချုပ်ရုံးမှာလည်း တစ်ခါမှမရှိတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ဘာတာဝန်မှလည်း မပေးထားပါဘူး” ဟု KNU ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ အခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း တက်ရောက်ခဲ့မှုနှင့် ပတ်သက်၍ ယနေ့ နိုဝင်ဘာ ၈ ရက်၊ ည ၇ နာရီကျော်အထိ KNU က တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။

“စစ်ကောင်စီက ပြုလုပ်ကျင်းပတဲ့ ကရင်ပြည်နယ်နေ့ဆိုတာ ကျွန်တော်တို့ KNU က လုံးဝအသိအမှတ် မပြုပါဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့် လုံးဝကင်းမဲ့နေတဲ့ အတုအယောင် ကရင်ပြည်နယ်သာ ဖြစ်ပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

စစ်ခေါင်းဆောင်ကလည်း ၎င်းတို့ပြုလုပ်သည့် ကရင်ပြည်နယ်နေ့ အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါ သဝဏ်လွှာတွင် အကြမ်းဖက်မှုများကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့၍ ပြည်သူလူထုအနေဖြင့် တည်ငြိမ်အေးချမ်းရေး အတွက် ၎င်းတို့နှင့် ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားသည်။

စစ်ကောင်စီသည် ယခုနှစ် (ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ) ၉ လတာအတွင်း KNU ထိန်းချုပ်နယ်မြေများ၌ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစား စုစုပေါင်း ၁၈ မျိုးခန့်ကို အကြိမ်ရေ ၁၈၀၀ ကျော် ကျူးလွန်ခဲ့သဖြင့် ပြည်သူ ၁၄၀ ဦး သေဆုံးခဲ့ကာ ပြည်သူ ၄၆၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ကောင်စီ #ကရင်ပြည်နယ်နေ့ #အသိအမှတ်ပြုခြင်းမရှိ #ပဒိုစောရွှေမောင်း #တာဝန်ပေးခြင်းမရှိ #KNU #Ayeyarwaddy_Times