
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်
အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့အရေးယူမှု ခံနေရသော စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းတည်ဆောက်မည့် အသေးစားလေအားလျှပ်စစ်စီမံကိန်းအပါဝင် စီမံကိန်းသုံးခု အကောင်အထည်ဖော်ရန် အိန္ဒိယနိုင်ငံနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးကြောင်းသတင်းရရှိသည်။
မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကြားမြန်ဆန်စွာ အကျိူးဖြစ်ထွန်းစေမည့်စီမံချက်များဟု စစ်ကောင်စီက ဆိုထားပြီး စီမံကိန်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ ငါးသိန်း ပမာဏရှိသည့် စီမံကိန်းသုံးခုကို ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့က နေပြည်တော်တွ င်လက်မှတ်ရေးထိုးခြင်းဖြစ်သည်။
အဆိုပါစီမံကိန်းသုံးတွင် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် အသေးစား လေစွမ်း အင်ဖြင့် ကျေးလက်ဒေသများလျှပ်စစ်မီးပေးရေးစီမံချက်၊ အပူပိုင်းဇုန်ဒေသရှိ မိုးခေါင် ရေရှား ကျေးရွာများတွင် ဆိုလာစွမ်းအင်ဖြင့် သန့်ရှင်းသော သောက်သုံးရေ ပေးဝေရေးစီမံကိန်း နှင့် အစိုးရဌာနများတွင် အီလက်ထရောနစ်စာကြည့်တိုက် စီမံကိန်းတို့ ပါဝင်ကြောင်း စစ်ကောင်စီ၏ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေး ဆက်သွယ်ရေး ဝန်ကြီးဌာနထံက သိရသည်။
စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ဥရောပနိုင်ငံများနှင့် အနောက်နိုင်ငံများမှ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များ ကူညီပေးမှုများ ရပ်ဆိုင်းခဲ့ပြီးနောက် ယခုကာလအတွင်း စစ်ကောင်စီနှင့် နီးနီးကပ်ကပ်ရှိလာသည့် အိန္ဒိယနိုင်ငံက ပေးမည့်အကူညီစီမံချက် ( Grant Project ) ကိုးခုရှိကြောင်းသိရသည်။
အဆိုပါအသေးစား ဖွံ့ဖြိုးမှုကူညီရေးလုပ်ငန်းများတွင် အခြေခံအဆောက်အအုံ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍာများပါဝင်ပြီး စီမံကိန်းတစ်ခု အမေရိကန်ဒေါ်လာနှစ်သန်း အောက်ပမဏာရှိသည့် ဖွံ့ဖြိုးရေးစီမံကိန်း များ ဖြစ်ကြောင်းသိရသည်။
အိန္ဒိယသည် မြန်မာနိုင်ငံတွင် အကြီးဆုံးစီမံကိန်းအဖြစ် ကုလားတန်မြစ်ဘက်စုံ စီမံကိန်းတွင် အမေရိကန်ဒေါ်လာသန်း ၅၀၀ ကျော်ရင်းနှီးမြှုပ်နှံထားပြီး ယင်းအနက်မှ စစ်တွေဆိပ်ကမ်းစီမံကိန်းကို ယခုနှစ် မေလအတွင်းကဖွင့်လှစ်ခဲ့ပြီး ကုန်စည်ပို့ဆောင်မှု များရှိကြောင်းသိရသည်။
ယင်းပြင် ကျန်ရှိနေသည့် အပိုင်းများတွင် ပလက်ဝကုန်းတွင်းဆိပ်ကမ်းနှင့် ကုလားတန် မြစ်ကူး၊ ပလက်ဝ – မီဇိုရမ် နယ်စပ်အဝေးပြေးကားလမ်း ဖောက်လုပ်ရေး လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွင် တရုတ်အပေါ် မှီခိုမှုများလျော့ချလိုသော စစ်ကောင်စီက ရုရှားနိုင်ငံအပါဝင် အာဆီယံနိုင်ငံများကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်ဖိတ် ခေါ်လျက်ရှိသည်။
ဓာတ်ပုံ – စစ်ကောင်စီ၏လူမှုကွန်ရက်
#မြန်မာအိန္ဒိယ #စီးပွားရေးစီမံကိန်း #ဖွံ့ဖြိုးရေးကူညီမှု #Ayeyarwaddy_Times