ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်

ဧရာဝတီတိုင်းရှိ မြို့နယ်အချို့၌ စစ်ကောင်စီတပ် ကင်းလှည့်ရာတွင် အသက်မပြည့်သေးသည့် လူငယ်များကို စစ်ဝတ်စုံဝတ်ခိုင်း၍ အသုံးပြုမှုရှိလာကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့ပေါ်တွင် စစ်ကောင်စီတပ်မှကင်းလှည့်ရာ၌ နိုဝင်ဘာလ ပထမအပတ်ကစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အပြင် အသက်အရွယ်မပြည့်သည့် လူငယ်များကိုပါ အသုံးပြုလာသည်ကိုမြင်တွေ့နေရကြောင်းမြို့ခံများထံကသိရသည်။

“နေ့ဘက်ရော ညဘက်ကင်းလှည့်တာတွေမှာ
ကလေးအရွယ်လေးတွေကိုပါ စစ်ကားပေါ်မှာတွေ့လာရတယ်။ အရွယ်လေးတွေက၁၃ နှစ်၁၄ နှစ်အရွယ်လေးတွေ။ တခါမှကလေးတွေစစ်ဝတ်စုံနဲ့ကင်းလှည့်တာမတွေ့ဖူးဘူး” ဟု မျက်မြင်တွေ့ရှိခဲ့သည့် ပုသိမ်မြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။

ထို့အပြင်ညောင်တုန်းမြို့နယ်တွင်လည်း အောက်တိုဘာလအတွင်းက စစ်ကောင်စီတပ်မှအသက်အရွယ်မပြည့်သည့်ကလေးသူငယ်များကို ပျူစောထီး(ပြည်သူ့စစ်) သင်တန်း နှစ်ပတ်ကြာပေးအပ်ခဲ့ပြီးနောက် ကင်းလှည့်ရာတွင် အသုံးပြုလာကြောင်း ဒေသခံများက ပြောဆိုသည်။

“အရင်လက ပြည်သူ့စစ်သင်တန်းဆင်းတဲ့ကလေးတွေကို အခုရွာထဲမှာကင်းလှည့်ရင်သုံးလာပြီ။ စစ်ပျောက်ကျားဝတ်စုံတွေနဲ့ကိုတွေ့ရတာ။ ကလေးတွေကိုပါမရှောင်တော့ဘူး။ အကုန်အသုံးချလာပြီ။အိမ်ကတူတွေ ၊ သားတွေကိုအဒေါ်တွေဆီပို့ထားရတယ်” ဟု ညောင်တုန်းမြို့နယ်ချောင်းကြီးကျေးရွာဒေသခံကျောင်းသားမိဘတစ်ဦးကဆိုသည်။

ဧရာဝတီတိုင်း၌ စစ်ကောင်စီတပ်အင်အားလျော့နည်းနေမှုကြောင့် ပျူစောထီး(ပြည်သူ့စစ်) သင်တန်းများ ဖွင့်လှစ်ရာတွင် အသက်အရွယ်မပြည့်သည့် ကလေးသူငယ်များကိုအသုံးပြု၍ သင်တန်းဖွင့်လှစ်ရန် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ သက်ဆိုင်ရာ မြို့နယ်စစ်ကောင်စီများကို ညွှန်ကြားထားခြင်းဖြစ်ကြောင်း မြို့နယ်စစ်ကောင်စီနှင့် နီးစပ်သည့်အသိုင်းအဝန်းထံက သိရသည်။

#ဧရာဝတီတိုင်း #အသက်မပြည့် #လူငယ်အချို့ #စစ်ဝတ်စုံဝတ်ခိုင်း #ကင်းလှည့်ရာတွင် #အသုံးပြုနေ #Ayeyarwaddy_Times