
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၇ ရက်
ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားတပ်ဖွဲ့တွေ မဆုတ်ခွာသရွေ့ ရုရှားနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသင့်မဖြစ်ဘူး လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။
ယူကရိန်းက တန်ပြန်ထိုးစစ်ဆင်နေပြီး ရုရှားတပ်ဖွဲ့တွေက ယူကရိန်းတောင်ပိုင်းနဲ့အရှေ့ပိုင်းမှာ ခံစစ် ဆင်နွှဲနေပေမယ့် စစ်မက်ဖြစ်ပွားနေတဲ့ နှစ်ဘက်စလုံးက ရှေ့တန်းစစ်မျက်နှာပြင်မှာ တင်းမာမှုတွေ ရှိနေဆဲဖြစ်ပါ တယ်။
ယူကရိန်းရဲ့ အဓိကမဟာမိတ်တွေဖြစ်တဲ့ အမေရိကန်နဲ့ ဉရောပ တာဝန်ရှိသူတွေက လ ၂၀ ကြာမြင့်လာ ပြီဖြစ်တဲ့ ပဋိပက္ခအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဖို့ အကြံပြုခဲ့တယ်လို့ဆိုပေမယ့် ဇီလန်စကီးက ငြင်းဆန်ခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲမှာ ခက်ခဲသောအခြေအနေဖြစ်ပြီး ရုရှားရဲ့ ဝေဟင်ထိန်းချုပ်မှု အဆုံးသတ်ဖို့ လေကြောင်း ရန် ကာကွယ်ရေးစနစ်တွေ ပိုမိုလိုအပ်တယ်လို့ သူက ပြောပါတယ်။
ဆုပေးပွဲအခမ်းအနားတစ်ခုကို ရုရှားတပ်ဖွဲ့တွေက ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ရာ ယူကရိန်းစစ်သား အများအ ပြား သေဆုံးခဲ့လို့ ယူကရိန်းနိုင်ငံက ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ခဲ့ရပါတယ်။
သောကြာနေ့က ယူကရိန်းတောင်ပိုင်း ဇာပိုရီဇီယာဒေသမှာ ဆုတံဆိပ်တွေလက်ခံဖို့ တပ်မဟာတစ်ခုမှ တပ်ဖွဲ့ဝင်တွေ စုဝေးနေကြစဉ် ဒုံးကျည်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ယူကရိန်းတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးခဲ့ တယ်လို့ ဒေသန္တရမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
“ဒါဟာ ရှောင်လွှဲလို့ရနိုင်ခဲ့တဲ့ ကြောက်မတ်ဖွယ်ရာ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်” လို့ ဇီလန်စကီးက မိန့်ခွန်း တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
အသိမ်းပိုက်ခံ ခရိုင်းမီးယားကျွန်းဆွယ်ရှိ သင်္ဘောကျင်းတစ်ခုကို ယူကရိန်းတပ်ဖွဲ့က ခရုဇ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ရုရှားနိုင်ငံက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
အရပ်ဘက်သင်္ဘောတွေ ဘေးအန္တရာယ်ကင်းကင်း ဖြတ်သန်းမောင်းနှင်နိုင်ဖို့ ရည်ရွယ်တဲ့ ပင်လယ်နက် ကောက်ပွဲသီးနှံဆိုင်ရာ သဘောတူညီချက်မှ ရုရှားနိုင်ငံက နှုတ်ထွက်သွားပြီးနောက်ပိုင်း ပင်လယ်နက်ဝန်းကျင်မှာ ယူကရိန်းနဲ့ရုရှားတို့ရဲ့ တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။
ကိုးကား – AFP
Ref; Ukraine’s Zelensky says ‘not ready’ for talks with Russia unless troops withdraw