ဧရာဝတီတိုင်းမ်
(မတူပီ)၊ နိုဝင်ဘာလ ၇ ရက်

မတူပီမြို့၊ အခြေစိုက် ခလရ ၁၄၀ စစ်ကောင်စီတပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသည် ယမန်နေ့၊ နံနက် ၈ နာရီအချိန်ခန့်က ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ ထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ဉာဏ်လင်းအောင်(ကိုယ်ပိုင်အမှတ်-တ-၅၇၁၅၇၈)နှင့် တပ်ဖွဲ့ဝင် တိုးနိုင်ဝေ (ကိုယ်ပိုင်အမှတ်-၅၆၂၃၈၇)တို့သည် MA ၁ လက်၊ ကျည်ဘောက် ငါးခုနှင့် ကျည်ဆံ ၁၃၄ တို့ဖြင့် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းတပ်ရင်း-၂ တာဝန်ခံထံမှ သိရသည်။

“ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ ထံမှာ အရင်က အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကတဆင့် ချိတ်ဆက်ပြီးတော့ အလင်းဝင်ရောက်လာတာ ဖြစ်တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ရင်ခွင်မှာ အချိန်မရွေးအလင်းဝင်ရောက်လာနိုင်ပါတယ်။ အလင်းဝင်ရောက်လာကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကျွန်တော်တို့က မြန်မာငွေသိန်းပေါင်း ၆၀ ချီးမြှင့်ပြီး သူတို့ဆန္ဒအရ လွတ်မြောက်နယ်အထိ ဘေးကင်းစွာ ပို့ဆောင်ပေးပါတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်နေ့ကလည်း မတူပီမြို့၊ အခြေစိုက် စစ်ဗျူဟာကုန်းမှ စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ ထံ အလင်းဝင်ရောက်လာခဲ့သည်။ အာဏာသိမ်းပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၂၈ ဦးအလင်းဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ-ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ထံ စစ်ကောင်စီတပ်သားများ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့သည့် (ပုံဟောင်း)

#ချင်းကာကွယ်ရေးတပ်ဖွဲ့ #မတူပီထံ #စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဦး #လက်နက်ခဲယမ်း #အလင်းဝင်ရောက်
#Ayeyarwaddy_Times