ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၇ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ စစ်‌ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ- ၅၀၁) နှင့် ခြေမြန်တပ်ရင်း (ခမရ- ၅၀၂) တပ်ရင်းပတ်ပတ်လည်တွင် အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်ကာ PDF များလာမည် ကိုစိုးရိမ်၍ မိုင်းများထောင်ထားကြောင်း သိရသည်။

ကျောက်မဲမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနများဖြစ်သည့် လ၀ကရုံး၊ ထွေအုပ်ရုံး၊ တရားရုံးများရှိ ဆိုင်းဘုတ်များကို ဆေးအမည်းသုတ်ခြင်း၊ ဖြုတ်သိမ်းခြင်းများကို အောက်တိုဘာ ၂၉ ရက်နေ့တွင်ပြုလုပ်ပြီးနောက် စစ်‌ကောင်စီတပ်မှ တပ်ရင်းပတ်ပတ် လည်တွင် ယခုလို မိုင်းများထောင်ထားခြင်း ဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။

“လက်ရှိအချိန်ထိတော့ ဌာနဆိုင်ရာရုံးတွေတော့ ပိတ်ထားတုန်းပဲ။ ဒါပေမဲ့ ဌာနဆိုင်ရာ အနီးအနားတွေနဲ့ စစ်တပ်အနီးနားတွေကိုမသွားစေချင်ဘူး။ သတိထားသွားစေချင်တယ်၊ သေချာတာတစ်ခုက စစ်တပ်(စစ်ကောင်စီတပ်)က အဲ့ဒီ အနီးတ၀ိုက်မှာ မိုင်းတွေထောင်ထားတာပဲ။ PDF တွေလာတိုက်မှာကြောက်နေကြတယ်။ စစ်တပ်အနီးက ရွှေနတ်တောင်ထိပ်မှာလည်း အမြောက်တစ်ခုတပ်ဆင်ပြီး မြို့လည်ခေါင်ကို ချိန်ထားပါ တယ်။ ဒီအမြောက်ကကျောက်မဲရဲ့ အကြီးဆုံးလို့လည်းသိရတယ်” ဟု ကျောက်မဲမြို့ စစ်ကောင်စီတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ဧရာတီတိုင်းမ်ကိုပြောသည်။

လက်ရှိ ကျောက်မဲမြို့ စစ်ကောင်စီတပ်ရင်းများတွင် စစ်ကောင်စီတပ်သားအချို့နှင့် စစ်သည်အရာရှိငယ်သာရှိပြီး လားရှိုးတပ်များဘက်သို့ အကူပို့ထားကြောင်း ဒေသခံများ ထံက သိရသည်။

ကျောက်မဲမြို့မရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမိသားစု ဝင်များသည် ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့က မြို့မရဲစခန်းမှ အချုပ်သားများကို ခေါ်ဆောင်၍ စခန်းစွန့်ခွာထွက်ပြေးကာ ခမရ-၅၀၁ တွင်လက်ရှိအချန်ထိ ပုန်းခိုနေကြ‌ ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီ၏ ရှမ်းပြည်နယ်အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ၊ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ရှိ ခြေမြန်တပ်ရင်း ခမရ-၅၀၁ နှင့် ခမရ-၅၀၂ တပ်ရင်းများအပါဝင် တပ်ရင်း ၁၀ ရင်းရှိပြီး ၎င်းတို့မှာ ၁၇ ၊ ၁၁၄ ၊ ၁၁၅ ၊ ၅၀၃၊ ၅၀၄၊ ၅၀၅၊ ၅၀၆ နှင့် ခြေလျှင်တပ်ရင်း ၂၄၃ တို့ရှိကြောင်း သိရသည်။

ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) ညီနောင် မဟာမိတ် သုံး ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး ၁၁ ရက် မြောက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်း ၁၀၀ ကျော်ကို သိမ်းပိုက် ထားနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ-အင်တာနက်

#ကျောက်မဲ #ခမရ၅၀၁ #ခမရ၅၀၂ #ပတ်ပတ်လည် #PDFများ #လာမည်ကိုစိုးရိမ်၍ #စစ်‌ကောင်စီ #မိုင်းများထောင်ထား #Ayeyarwaddy_Times