
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၇ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲအတွင်း တပ်စခန်းသိမ်းမှုနှင့်အတူ ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၇ ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဒေသတွင်းရှိ လူမှုကူညီရေးအသင်းမှတဆင့် နိုင်ငံတကာစစ်သုံ့ပန်း စစ်ဥပဒေနှင့်အညီ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော်- (KIA) တပ်မဟာ (၄) တပ်ရင်း-၈ သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်၊ ညပိုင်းက နမ္မတူမြိုနယ်၊ မုန်းမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီ၏ ခလရ- ၃၂၄ တပ်စခန်းကို စီးနင်းတိုက်ခိုက် သိမ်းပိုက်ရခဲ့ပြီး လက်နက်ခဲယမ်း များနှင့်အတူ စစ်သုံ့ပန်း ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် နိုဝင်ဘာ ၅ ရက်၊ နံနက်ပိုင်းတွင် KIA က နမ္မတူ မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းထံ ဆက်သွယ်၍ အကူအညီတောင်းခံလာသဖြင့် အသင်း တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများမှ ကား ၂ စီးဖြင့် သွားရောက်ကာ အသိ သက်သေများရှေ့၌ စစ်သုံ့ပန်း ၁၇ ဦးကို လွှဲပြောင်းလက်ခံရယူခဲ့ကြောင်း ယင်းလူမှုကူညီရေးအသင်းထံက သိရသည်။
“ကျွန်တော်တို့ကို KIA က ဆက်သွယ်လာပါတယ်။ ဒီလူ(စစ်သုံ့ပန်း)တွေကို ပြန်လွှဲပြောင်းပေးဖို့ သူတို့ကို ကူညီတဲ့အနေနဲ့ လာခေါ်ပေးပါ၊ လမ်းခရီးမှာ တာဝန် ယူပါတယ်ဆိုလို့ ကျွန်တော်တို့ ကားနှစ်စီးနဲ့ သွားခဲ့ပါတယ်။ တပ်ထဲကို ပြန်ပို့ဖို့က ကျွန်တော်တို့ တာဝန်မဟုတ်ဘူး။ သူတို့တွေ(စစ်သုံ့ပန်း)က ဒဏ်ရာတွေ ရထားလို့ ဆေးရုံကို ပို့ပေးပြီး ပြန်လာခဲ့တယ်” ဟု နမ္မတူ မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
KIA က ဖမ်းဆီးရမိစဉ် ကာလအတွင်း ထိုစစ်သုံ့ပန်း ၁၇ ဦးကို ဆေးကုသပေးခြင်း၊ ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ခြင်းအပြင် စစ်သုံ့ပန်းဥပဒေနှင့်အညီ ပြန်လည် လွှဲပြောင်း ပေးသည့်အခါတွင်လည်း ငွေကျပ် ၁၀,၀၀၀ စီ ပေးအပ်ခဲ့သည်ဟု သိရသည်။
“အဲဒီသတင်း အချက်အလက်တွေ ကျွန်တော်တို့ သတင်းဌာနဆီ ဘာမှ မရောက်သေးဘူး။ ကျွန်တော်လည်း လိုင်းပေါ်ကလောက်ပဲ ဖတ်ရသေးတယ်။ အဲဒီသတင်း မှန်ကန်မှုရှိသလား၊ မရှိဘူးလား ဘယ်လိုလဲဆိုတာ စုံစမ်းနေပါတယ်။ အဆက်အသွယ်ပိုင်းမှာ အခက်အခဲတွေ အများကြီးရှိလို့ ကျွန်တော်တို့လည်း အခုထက်ထိကတော့ သေချာတဲ့ အဆက်အသွယ် မရသေးပါဘူး။ ဗဟိုက ညွှန်ကြားချက်နဲ့ လုပ်တာလား။ သူတို့ဘာသာ သူတို့လုပ်တာလား။ အဲဒါလည်း မသိသေးဘူး” ဟု KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကောင်စီ တပ်စခန်းကို KIA က နှစ်ရက်တာအချိန်ယူ၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ရပြီး စစ်သုံ့ပန်းအနေဖြင့် စစ်ကောင်စီတပ်သား ၁၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး စုစုပေါင်း ၁၇ ဦးကို ဖမ်းဆီးရမိခဲ့သလို သိမ်းဆည်းရမိသည့် လက်နက်ခဲ ယမ်းများကိုလည်း ကား ခုနစ် စီးဖြင့် သယ်ယူခဲ့ရကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းအား မေးမြန်းရန် ဧရာဝတီတိုင်းမ် သတင်းဌာနက တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
စစ်ကောင်စီတပ်စခန်းအများအပြား အသိမ်းခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျအဆုံးများမှုကြောင့် တန်ပြန်ချေမှုန်းမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ထားသော်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ချေမှုန်းရေးဆိုသည့် စကားလုံးကိုရှောင်သင့်ပြီး ချုပ်ငြိမ်းရေး စကားလုံး သုံးသင့်ကြောင်း ကချင်လွတ်လပ် ရေးကောင်စီ ( KIC) ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ဆိုထားသည်။
“ အာဏာသိမ်းပြီးတဲ့နောက် နွေဦးတော်လှန်ရေးအဖွဲ့တွေကိုကော စစ်ကောင်စီကိုကော ပြောတဲ့ အချက် ၂ ချက်ရှိတယ်။ တစ်အချက်ကတော့ ချေမှုန်းရေးဆိုတဲ့ စကားလုံးကို ရှောင်သင့်တယ်။ ချုပ်ငြိမ်းရေး စကားကိုသုံးသင့်တယ်။ စစ်ကောင်စီရှုံးရင် ဘယ်ကိုထွက်ပြေးမှာလဲ၊ သူ့တပ်သားတွေ အကုန်ကို ချေမှုန်းလိုက်ရမှာလား၊ အဲ့ဒီတော့ ချေမှုန်းရေးဆိုတဲ့ စကားကိုမသုံးဘဲနဲ့ စစ်အာဏာရှင်စနစ်၊ အာဏာရှင်စနစ်မှန်သမျှ အကုန်လုံး ချုပ်ငြိမ်းရမယ်၊ ဒါကြောင့် ချုပ်ငြိမ်းရေးဆိုတဲ့ စကားကို အဓိက သုံးပြီး ပြောပါတယ်။ ခွင့်လွှတ်လို့မရတဲ့ အမှားမျိုးရှောင်ကျဉ်သင့်တယ်” ဟု ကချင်တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ KIC ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က BBC နှင့် အင်တာဗျူးတွင်ဖြေကြားထားသည်။
ဓာတ်ပုံ – The Kachin Sub State Media
#KIA #ရှမ်းမြောက် #တပ်စခန်းသိမ်းတိုက်ပွဲ #ဖမ်းဆီးရမိစစ်သုံ့ပန်း၁၇ဦး #စစ်ဥပဒေနှင့်အညီ #စစ်ကောင်စီလွှဲပြောင်း #Ayeyarwaddy_Times