ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၇ ရက်

မန္တလေးတိုင်းအတွင်းက မန္တလေးမြို့နှင့် ပြည်ဦးလွင်မြို့နယ်တို့ရှိ မြို့နှင့်အနည်းငယ်ဝေးသည့် ရဲစခန်းများနှင့် ဂိတ်များကို နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ အင်အားများသည့်နေရာများသို့ ပေါင်းစည်းမှုများပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ပြီးခဲ့သည့်လ အောက်တိုဘာလ ၂၇ ရက်နေ့ စတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် ရဲတပ်ဖွဲ့ဝင်များသေဆုံးမှုများသဖြင့် ခုလိုမျိုး ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အင်အားများပေါင်းလိုက်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

“ မြို့နဲ့ဆို မိနစ် ၄၀ လောက်ပဲသွားရတဲ့ခရီးမှာ ရှိတဲ့ ရဲစခန်းတွေအကုန်လွှတ်ထားလိုက်ရပြီ၊ သိရသလောက်တော့ ကေအိုင်အေက တော်တော်နီးလာပြီးလို့ ခုရက်ထဲ သတင်းတွေဝင်လာတယ်၊ ရှေ့မှာလည်း အကျဆုံးများထားတော့ အင်အား ပြန်ပေါင်းတဲ့ သဘောပါ” ဟု ပြောသည်။

မန္တလေးမြို့မှ မိနစ် ၄၀ ခန့်သာသွားရသည့် မတ္တရာ၊ လင်းမြွေချောင်းနှင့် ငါးလုံးပြွန်ရဲစခန်းအပါဝင် အင်အားနည်းသည့် ရဲစခန်းများကို လက်လွှတ်ပြီး မြို့မရဲစခန်းနှင့် မြို့နယ်ရုံးများတွင် အင်အားပေါင်းစည်းမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း ၎င်းမှဆက်လက် ပြောဆိုသည်။

မြေပြင်မှလာမည့် တော်လှန်ရေးအင်အားစုများအား ကင်းစောင့်ကြည့်မှုများပြုလုပ်နေရသလို ကောင်းကင်မှလာနိုင်သည့် ဒရုန်းအန္တရာယ်ကိုလည်း စိုးရိမ်စိတ်ဖြင့် စောင့်ကြည့်နေရသည့်ဟု ဆိုသည်။

ခုလိုမျိုး စစ်ကောင်စီလက်အောက်ခံ ရဲစခန်းအများစု အင်အားပေါင်းစည်းမှုများပြုလုပ်လာခြင်းသည့် ရဲတပ်ဖွဲ့၏ တိုက်ရည် ခိုက်ရည် ညံဖျင်းမှုနှင့် မြို့ကို ကာကွယ်ခြင်းသည့်အတွက် ကြိုတင်ပြင်ဆင််မှုများပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးမှ သုံးသပ်ပြောဆိုသည်။

“ ဒါ ၂၇ ရက်နေ့က ဖြစ်စဉ်ကတော့ တော်တော်မြင်မကောင်းဘူး၊ သမိုင်းတလျှောက်မှာ ရဲအများဆုံးသေတယ်လို့တောင်ပြောလို့ရမယ်၊ ဒါမျိုးမဖြစ်အောင် အင်အားပြန်ပေါင်းတဲ့သဘောဖြစ်နိုင်တယ်၊ နောက်အချက်က ရဲက သေနတ်နဲ့ပတ်သက်ရင် အကျွမ်းတဝင် မရှိဘူး စစ်သားလောက် ဒါကြောင့်လည်း မြို့ပြင်မှာရှိတဲ့ စခန်းတွေကို မြို့ထဲပြန်ပေါင်းလိုက်တာဖြစ်နိုင်တယ်”ဟု သုံးသပ်ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)က တိုက်ပွဲများတွင် ရဲတပ်ဖွဲ့ဝင် အင်အား အနည်းဆုံး ၃၀ ဝန်းကျင်သေဆုံးခဲ့မှုကြောင့် မန္တလေးတိုင်းတွင်းက ရဲတပ်ဖွဲ့ဝင်များကို မြို့ပြင်လုံခြုံရေးနေရာများတွင် အသုံးမပြုတော့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်ဟောင်းများမှ သုံးသပ်ပြောဆိုသည်။

မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အစပ် ပြည်ဦးလွင်မြို့နှင့် အနီးဆုံးဖြစ်သည့် နောင်ချိုမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုများအကြားတိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည်။

#ရဲတပ်ဖွဲ့ #မန္တလေး #ပြင်ဦးလွင် #ရဲစခန်း #မင်္ဂလာပါ #လက်လွှတ် #Ayeyarwaddy_Times