ဧရာဝတီတိုင်းမ်
(ဂန့်ဂေါ)၊ နိုဝင်ဘာလ ၇ ရက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်(တောင်ပိုင်း)၊ တောင်ခင်ရန်းရဲစခန်းတွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့က စခန်းဝန်းကျင်တွင် မြေမြှုပ်မိုင်းများထောင်၍ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် ABSDF အမှတ် ၁၂ တပ်ရင်းမှ မိုင်းကျွမ်းကျင်သူ ရဲဘော်များက မဟာမိတ်များတပ်ဖွဲ့နှင့် ပူးပေါင်းကာ မိုင်းရှင်းလင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်ခင်ရန်းရဲစခန်းသည် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် အင်အား ၇၀ ဝန်းကျင် အထိုင်ချထားသည့် စခန်းတစ်ခုဖြစ်ပြီး တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့များသည် စခန်းမှ စွန့်ခွာထွက်ပြေးသူ စစ်ကောင်စီတပ်သားများ ထောင်ခဲ့သည့် မြေမြှုပ်မိုင်းများအနက် မြေမြှုပ်မိုင်း ဆယ်လုံးကျော်ကို ရှင်းလင်းခဲ့ပြီး စခန်းအတွင်းမှ ကျည်ဆံရာနှင့်ချီ၍ သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။

“လက်ရှိအနေအထားအရ မိုင်းအလုံးရေအားဖြင့်က ဆယ်လုံး ကျော်ကျော် လောက်ပဲ ရှင်းလင်းနိုင်ပါသေးတယ်။ ရန်သူကလည်း မိုင်းအလုံးရေ ဘယ်လောက်ထောင်သွား လဲဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။ အဲ့ဒီတော့ သွားတယ်၊ မိုင်းတွေ့တယ်၊ မိုင်းတွေ့လို့ရှိရင် ငုတ်စိုက်ထားပြီး တခါတည်းဖော်ပေါ့နော်။ ကျွန်တော်‌တို့ကတော့ အဲ့လိုပုံစံမျိုးတွေနဲ့ မိုင်းရှင်းလင်းဆောင်ရွက်မှုတွေ လုပ်နေရဆဲ ဖြစ်ပါတယ်” ဟု ABSDF COLUMN-3 တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မိုင်းထောင်၍ စခန်းစွန့်ခွာထွက်ပြေးသွားသည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြောက်ခင်ရန်းရွာရှိ ပျူစောထီးများနှင့်ပူးပေါင်းကာ မြောက်ခင်ရန်းရွာတွင် စခန်း ချနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

” ဒီရဲစခန်း(တောင်ခင်ရန်းရဲစခန်း)ကို ကျွန်တော်တို့က မီတာ ၁၅၀ ၊ ၂၀၀ လောက်အတော် အတွင်းမှာပိတ်ဆို့ထားတာဖြစ်တယ်။ ပြီးတော့ကျွန်တော်တို့နဲ့က မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်နေတယ်။ အဲ့ဒီတော့ သူတို့အထိနာလာတဲ့ အပိုင်းတွေလည်းပါတယ်။ ပြီးတော့ မင်းရွာရဲစခန်းအသိမ်းခံလိုက်ရတဲ့အချိန်မှာ မင်းရွာရဲစခန်းရဲ့အရှိန်နဲ့ ဒီရဲစခန်းပါဆက် အသိမ်းခံလိုက်ရမှာကြောက်လို့ ဆု‌တ်ပြေးသွားတယ်လို့ ကျွန်တော်တို့က ထင်ပါတယ်ဗျ” ABSDF COLUMN-3 တာဝန်ရှိသူက ဆိုသည်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ နှင့် နိုဝင်ဘာ ၂ ရက်နေ့ ညပိုင်းတွင် တောင်ခင်ရန်း ရဲစခန်းကို အနီးကပ်သွားရောက်တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်‌သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဂန့်ဂေါ‌မြို့နယ်တောင်ပိုင်းရှိ မင်းရွာရဲစခန်းကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က တော်လှန်‌ေရးပူးပေါင်းတပ်ဖွဲ့များမှ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကာ ၁၁ ဦးလက်နက်ချ အညံ့ခံခဲ့၍ လက်နက် ခဲယမ်းအများပြားသိမ်းဆည်း ရမိခဲ့‌သည်။

ဓာတ်ပုံ – ABSDF Column – 3၊ ABSDF
#ဂန့်ဂေါမြို့နယ် #တောင်ခင်ရန်းရဲစခန်း #စခန်းစွန့်ခွာထွက်ပြေး #စစ်ကောင်စီတပ်ဖွဲ့ဝင် #မြေမြှုပ်မိုင်း #ရှင်းလင်း #Ayeyarwaddy_Times