
ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၇ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ အဓိကပင်မစခန်းကုန်းဖြစ်သည့် ပန်လုံဗျူဟာကုန်း စီးနင်း တိုက်ခိုက်ခံရပြီး တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်လွင် သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ဗိုလ်မှူးချုပ်အောင်ကျော်လွင်၏ အလောင်းကို လေယာဉ်ဖြင့် မိတ္ထတီလာအခြေစိုက်တပ်ရင်းကို သယ်ဆောင်သွားပြီး စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“တပ်မမှူးအလောင်းကို မိတ္ထီလာကို သယ်သွားပြီ။ စစ်အခမ်းအနားနဲ့ သင်္ဂြိုဟ်မယ်။ ဒါကထုံးစံပါပဲ။ ဒါပေမဲ့ တပ်မမှူး ကျတယ်ဆိုတာက မရှိသလောက်ပဲဆိုတော့ တပ်ထဲမှာ အတော်ဂယက်ရိုက်နေတယ်”ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပန်လုံဗျူဟာကုန်းကို ကိုးကန့်တပ်မတော် MNDAA နှင့် ရက္ခိုင့်တပ်တော် AA ပူးပေါင်းအဖွဲ့က နို၀င်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗျူဟာ ကုန်းကို ဒရုန်းဗုံးချ၍ တိုက်ခိုက်စဉ် မုံးကိုးအခြေစိုက် တပ်မ ၉၉ မှ ဗိုလ်မှူးချုပ်အောင်ကျော်လွင်အပြင် တပ်မ ၉၉ လက်အောက်ခံ ခမရ-၁၁၃ ခြေမြန်တပ်ရင်း နှင့် ခမရ-၄၁၈ ခြေမြန်တပ်ရင်းမှ အရာရှိ၊ အရာခံတပ်သားများလည်း သေဆုံးမှုများ ကြောင်း သိရသည်။
အဆိုပါ တပ်မမှူးသည် စစ်တက္ကသိုလ်အပတ်စဉ် (၄၁) ဆင်းဖြစ်ပြီး ရာထူးတိုးရန် စောင့်ဆိုင်းနေစဉ် ပြီးခဲ့သည့် ဩဂုတ်လမှစ၍ ယခုဗျူဟာကုန်း ရှေ့တန်းကို ရောက်ရှိလာသူဖြစ်ကြောင်း သိရသည်။
ယင်းဗျူဟာကုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ရဟတ်ယာဉ်၊ ဂျက်တိုက်လေ ယာဉ်များဖြင့် အကြိမ် ပေါင်းများစွာ စခန်းကာကွယ်တိုက်ခိုက်နေသည့်ကြားက ယခုကဲ့သို့ တပ်မမှူးအပြင် တပ်သားများပါသေဆုံးပြီး စခန်းကိုသိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ ယမန်နေ့ နို၀င်ဘာ ၆ ရက်နေ့က စစ်ကောင်စီတပ်၏ စစ်ရေးအရ ဗျူဟာကျသည့် တာဂန် ထန်စခန်းကိုလည်း သိမ်းဆည်းခဲ့ပြီး ယင်းနေ့တပြိုင် နက်တည်းတွင်ပင် စစ်စခန်း လေးခု ကို MNDAA နှင့် AA အဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- Operation 1027 – 3BHA
#စစ်ကောင်စီ #တပ်မ၉၉တပ်မမှူး #ဗိုလ်မှူးချုပ်အောင်ကျော်လွင် #ရှမ်းမြောက် #ပန်လုံဗျူဟာကုန်း #Ayeyarwaddy_Times