ဓာတ်ပုံ - ပြည်ထောင်စုနေ့ ဗိုလ်ရှုသဘင်မှာ စစ်ခေါင်းဆောင်ကိုတက်ရောက်အလေးပြုခဲ့တဲ့ Non-CDMများ

ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၃ ရက်

စစ်ကောင်စီက ၄င်းတို့ရဲ့လက်အောက်ခံဝန်ထမ်းတွေကို အိမ်ငှားစရိတ်ထောက်ပံ့မယ်လို့ ဇူလိုင်လ ၂၂ ရက် မနေ့ညပိုင်းမှာ ၄င်းတို့ဝါဒဖြန့်မီဒီယာတွေကနေတဆင့် ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်စာမှာ Non-CDM ဝန်ထမ်းတွေကို အိမ်ငှားစရိတ်အဖြစ် လူပျို၊အပျိုဖြစ်ရင် လစာရဲ့ ၄% ၊ အိမ်ထောင်သည်ဖြစ်ရင် လစာရဲ့ ၈ % နဲ့ထောက်ပံ့မယ်လို့ပါရှိပြီး ဘယ်လပိုင်းကစတင်ထောက်ပံ့မယ်ဆိုတာနဲ့ အသေးစိတ်ကို ဇူလိုင်လ ၂၅ ရက်မှာထုတ်ပြန်သွားမယ်လို့ဖော်ပြပါတယ်။

လူပျို၊အပျိုအတွက် မူရင်းလစာရဲ့ ၄% ဟာ အငယ်တန်းစာရေးတဦးရရှိတဲ့လစာနှုန်းနဲ့တွက်ချက်ရင် ငွေပမာဏက ၇၀၀၀ ကျပ် ဝန်းကျင်သာရမှာဖြစ်လို့ ရမယ့်စရိတ်ဟာ ခုလက်ရှိကုန်စျေးနှုန်းနဲ့ဆို ဟာသလိုဖြစ်နေတယ်လို့ Non CDM တွေက ဝေဖန်ပါတယ်။

” ဒီ အိုးအိမ်ဌာနအောက်က လိုင်းခန်းတွေမှာနေတဲ့သူတွေက တလ ကို အိမ်လခ ၁ သောင်းပေးရတယ်။ ၄% ဆိုရင် အငယ်တန်းစာရေးတယောက်ရဲ့လစာနဲ့ပျမ်းမျှတွက်ရင် ၁ သိန်းကို ၄၀၀၀၊ လစာက ၂သိန်းမပြည့်တော့ ၇၀၀၀ လောက်ဘဲရမှာ။ အိုးအိမ်ကချပေးတဲ့လိုင်းခန်းခတောင်မရှိဘူး၊အပြင်မှာငှားနေတဲ့သူတွေဆိုရင်တော့ပြောမနေနဲ့ပေါ့။ ခုလက်ရှိကုန်စျေးနှုန်းနဲ့က ဟဟ လို့ပြောရမှာပေါ့။ ဆင့်ပါးစပ်နှမ်းပက်သလိုဘဲ၊ မပေးရင် လည်းပေးမနေပါနဲ့၊အလုပ်တွေရှုပ်လို့ ဘာမှမဟုတ်တာနဲ့ပဏှာဝင်ယူနေတာ” လို့မကွေးတိုင်းအတွင်းက ဌာနအမည်မဖော်လိုသူ လုပ်သက်ရင့် Non CDM ဦးစီးမှူးတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အိမ်ငှားစရိတ်အဖြစ်စစ်ကောင်စီက ထောက်ပံ့ရာမှာ ကန့်သတ်ချက်တွေရှိပြီး သက်ဆိုင်ရာဌာနရဲ့အစီအစဥ်နဲ့လိုင်းခန်းနေထိုင်သူတွေ၊ အိမ်ပိုင်နဲ့နေထိုင်သူတွေပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

” အိမ်ငှားစရိတ်မှာအကျုံးဝင်မှာကအိုးအိမ်ဌာနရဲ့အောက် ကလိုင်းခန်းမှာနေတဲ့သူတွေရယ်၊ အပြင်မှာငှားနေတဲ့သူတွေရယ်ဘဲ။ ဌာနဝန်းထဲမှာဖြစ်ဖြစ် ဌာနအစီအစဥ်နဲ့ချပေးတဲ့နေရာတွေမှာဖြစ်ဖြစ် နေထိုင်တာတို့၊ အိမ်ပိုင်နဲ့ကိုယ့်အိမ်ကနေကိုယ်ရုံးတက်တာတို့ဆိုရင်မရဘူး။ ပေးတဲ့ပမာဏကလည်းဘာမှများတာမဟုတ်ဘူး၊ ခုကအကုန်တိုင်ပတ်နေကြတယ် ” လို့ နေပြည်တော် ပို့ဆောင်ဆက်သွယ်ရေးဌာနဝန်ထမ်းတဦးက ပြောပါတယ်။

ဒါ့အပြင် မနေ့ကစစ်ကောင်စီကထုတ်ပြန်တဲ့ အိမ်ငှားစရိတ်ထောက်ပံမှုမှာ စစ်ကောင်စီအဓိကထောက်တိုင်လက်အောက်ခံတွေဖြစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲတွေပါဝင်မှာမဟုတ်ဘူးလို့ တပ်မတော်သားဟောင်းတဦးက ပြောပါတယ်။

” တပ်နဲ့ရဲမှာက အရင်ထဲကအိမ်ငှားစရိတ်ဆိုတာရှိပြီးသား။ လူပျိုကတော့နဂိုထဲက ဘားတိုက်ဘဲနေရတာ၊ ဘာအိမ်ငှားစရိတ်မှမပေးဘူး။ အိမ်ထောင်သည်တွေလည်းအကုန်လိုင်းခန်းမှာထားတာအပြင်မှာပေးမနေဘူး။ အဲ့ဒီကမှ အိမ်ထောင်သည်တွေမှာ တပ်ထဲမှာလိုင်းခန်းမဆန့်တော့လို့ တပ်ကလိုင်းခန်းမပေးနိုင်တော့တဲ့အခြေအနေမျိုးမှာဆိုရင် Out Leaving(ပြင်ပနေထိုင်ခြင်း)နဲ့ထားပြီး အိမ်ငှားစရိတ်တောင်းခံလို့ရတယ်။အရင်ထဲကရှိတယ်” လို့ စစ်ကောင်စီတပ်တွင်းဆယ်နှစ်ကျော်ကြာဝင်ရောက် ခဲ့တဲ့ တပ်မတော်သားဟောင်းတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်ထိ အခြေခံကုန်စျေးနှုန်းကြီးမြင့်ခြင်း၊ ဆေးဝါးနဲ့ဆက်စပ်ပစ္စည်းတွေစျေးကြီးမြင့်ခြင်း၊ စက်သုံးဆီစျေးကြီးမြင့်ခြင်း၊ ငွေ ကြေးဖောင်းပွခြင်း၊အလုပ် လက်မဲ့များပြား လာတာတွေကြောင့် ပြည်သူလူထုအားလုံးအကျပ်ရိုက်ဒုက္ခ ရောက်နေရတာမှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်မိသားစုတွေ၊ Non-CDM မိသားစုတွေနဲ့ စစ်တပ်ထောက် ခံသူတွေအားလုံးတပြေးညီကြုံတွေ့နေရတာဖြစ်ပါတယ်။