ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၃ ရက်
ကရင်နီပြည်က စစ်ဘေးရှောင် ကလေးငယ်အားလုံးရဲ့ ၅ ပုံ ၁ ပုံမှာ အာဟာရချို့တဲ့နေတယ်လို့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေးကူညီစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးပညာရှင်တွေကပြောဆိုလိုက်ပါတယ်။
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က အသက် ၅ နှစ်အောက် ကလေးငယ် ၅၀၈ ဦးကို တိုင်းတာစစ်ဆေးကြည့်ခဲ့ရာမှာ ၁၁၁ ဦးမှာ အာဟာရချို့တဲ့နေကြပြီး ၄၄ ဦးကတော့ အာဟာရချို့တဲ့တဲ့လက္ခဏာတွေ တွေ့နေရတယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုပေးနေတဲ့ CDM ဆရာဝန်တစ်ဦးက ဆိုပါတယ်။
” ဒီးမော့ဆိုမြို့နယ်က ၅နှစ်အောက် စစ်ရှောင်ကလေး (၅၀၈) ဦးကို အာဟာရပြည့်မပြည့် တိုင်းတဲ့ လက်ပတ်နဲ့ တိုင်းကြည့်ရာမှာ (၁၁၁) ယောက်ဟာ သတ်မှတ်ထားတဲ့ အရည်အသွေး မပြည့်မှီသလို အဲ့ဒီအထဲက ၄၄ယောက်ဟာလည်း အာဟာရချို့တဲ့တဲ့ လက္ခာဏာ တွေ့နေရတယ်” လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုပေးနေတဲ့ CDM ဆရာဝန်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောတယ်။
ဒါဟာ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်ကလေးတွေကို တိုင်းတာထားတဲ့ စာရင်းသာဖြစ်ပြီး တခြား စစ်ဘေးရှောင်နေရတဲ့ ဖရူဆိုမြို့၊ ရှားတော၊ လွိုင်ကော်၊ ဖားဆောင်း စတဲ့မြို့တွေမှာလည်း တချို့တွေ့နေရတယ်လို့ ၎င်းက ဆိုပါတယ်။
ဒီလို အာဟာရချို့တဲ့တာဟာ အစားအသောက်နဲ့ ကာကွယ်ဆေး လုံလောက်အောင် မရရှိမှုကြောင့် ဖြစ်ပြီး ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်တစ်ဦးဖြစ်တဲ့ ဒေါ်အလယ်စတီးနာက “စစ်ရှောင်တစ်နှစ်ကျော်အတွင်း သားသမီးအတွက် အသားဟင်း မဝယ်စားနိုင်ခဲ့ဘူး”လို့ ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။ ပြောပါတယ်။
စစ်ဘေးရှောင်စခန်းကလေးတွေ အာဟာရပြည့်ဝစွာစားသုံးနိုင်ဖို့အတွက် စစ်ဘေးရှောင်ကူညီတဲ့အသင်းအဖွဲ့တွေ အလှူရှင်တွေကနေပြီး တစ်ပတ်တစ်ခါ အာဟာရတိုက်ကျွေးတာ၊ ကျန်းမာရေးစစ်ဆေးပေးတာ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
မိဘတွေအနေနဲ့လည်း ကလေးငယ်တွေကို အာဟာရပြည့်ဝအောင် အသားဟင်းမကျွေးနိုင်ရင်တောင်မှ ပဲဟင်း ချက်ကျွေးတာသင့်တယ်လို့ CDM ဆရာဝန်တစ်ဦးက သုံးသပ်ထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်ဘေးရှောင်း နှစ်သိန်းနီးပါးရှိနေပြီး ကလေးနဲ့ သက်ကြီးရွယ်အို အများစုပါဝင်နေတယ်လို့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်အရေးကူညီပေးနေသူအချို့ထံမှ သိရပါတယ်။
ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေမှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် စစ်ရှောင်ကာလ တစ်နှစ်ကျော်အတွင်း နေရပ်ပြန်နိုင်ခြင်းမရှိသလို အချိန်ကာလကြာမြှင့်လာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲလည်း ကြုံတွေ့နေကြတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ပြောဆိုချက်များအရ သိရပါတယ်။