ဧရာဝတီတိုင်းမ်
(ကနီ)၊ နိုဝင်ဘာလ ၇ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးတစ်နေရာတွင် သောင်တင်နေသည့် စစ်ကောင်စီထောက်ပို့ဖလပ်သင်္ဘော နှစ်စီးကို ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့၊ ည ၁၀ နာရီဝန်းကျင်တွင် KLG PDF နှင့်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ကနီမြို့ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာသည့် စစ်ကောင်စီသင်္ဘော ခုနစ် စီးအနက် လေးစီးမှာ သောင်တင်ခဲ့ပြီး သောင်တင်နေသည့် အဆိုပါလေးစီးအနက် သင်္ဘော နှစ်စီးကို သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် ၁ နာရီအတွင်း စစ်ကောင်စီတပ်သား ငါး ဦးသေဆုံးခဲ့ပြီး ဖလပ်သင်္ဘော နှစ်စီးကိုပါ သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။

“အပြန်အလှန်ပစ်ခတ်ပြီးတော့မှ ဒီထောက်ပို့သင်္ဘော နှစ်စီးကိုသိမ်းယူနိုင်တာခဲ့ တာဖြစ်တယ်။ တိုက်ပွဲအတွင်းမှာ အဲ့ဒီသင်္ဘောပေါ်မှာရှိတဲ့ တပ်သား ၁၅ ယောက်ဝန်းကျင် လောက်က ထိပ်တိုက်တိုက်ပွဲမှာ ငါးယောက်သေတယ်။ သေတဲ့ ၅ ယောက်ကလည်းရေထဲ ပြုတ်ကျသွားတာဖြစ်တဲ့အတွက် ညဘက်ကြီးဆိုတော့ ဆယ်ယူလို့မရလိုက်ပါဘူး။ ကျန်တဲ့သူတွေကတော့ သူတို့အားကိုးရှိတဲ့ ကျန်သင်္ဘော တွေစီ ထွက်ပြေးသွားကြတယ်” ဟု ကျောက်လုံးကြီး KLG PDF တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကျန်ရှိနေသည့် စစ်ကောင်စီထောက်ပို့သင်္ဘော ငါး စီးသည် ယခုအခါတွင် ချင်းတွင်းမြစ် ကြောင်းအတိုင်း ဆက်လက် စုန်ဆင်းလျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ KLG PDFနှင့် ယင်းမာပင်ခရိုင်တပ်မဟာ၊ BLDF၊ ဒေသခံပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်သင်္ဘောများမှာ ဟုမ္မလင်းမြို့ဘက်မှ ထောက်ပို့ပြန်လာခြင်းဖြစ်ကာ ကနီမြို့တွင် ကမ်းကပ်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် အောင်တိုဘာလ ၃၀ ရက်နေ့ကလည်း ကနီမြို့ဆိပ်ကမ်းမရောက်မီ တော်လှန်ရေးတပ်ဖွဲ့များက နှစ်ကြိမ်တိုင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါး ဦးသေဆုံးခဲ့ကြောင်း KLG PDFထံက သိရသည်။

ဓာတ်ပုံ – KLG PDF
#ကနီမြို့နယ် #စစ်ကောင်စီထောက်ပို့ #ဖလက်စစ်သင်္ဘော၂စီး #သိမ်းဆည်းရမိ #စစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးသေ #ချင်းတွင်းမြစ်ကြောင်း #စုန်ဆင်း #Ayeyarwaddy_Times