
ဧရာ၀တီတိုင်းမ်
နိုဝင်ဘာလ ၇ ရက်
စစ်ကိုင်းတိုင်း၊ တမူးခရိုင်ရှိ ခမ်းပါတ်မြို့ကို ယနေ့ နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့ကိုထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နို၀င်ဘာ ၃ ရက်နေ့ကတည်းက ကလေးနှင့် တမူးရှိ စစ်ကောင်စီအထိုင်ချရာ နေရာ ခြောက် ခုကို ကာကွယ်ရေးတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ နံနက်တွင် ခမ်းပါတ်မြို့ကို ထိန်း ချုပ်နိုင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ခမ်းပါတ်မြို့၊ ဝိတုတ်ရွာရှိ စစ်ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းချရာ ခမ်းပါတ်နယ်မြေရဲစခန်းနှင့် ဝိတုတ်စစ်ကောင်စီတပ်စခန်းတို့ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး ခမ်းပတ်မြို့တစ်ခုလုံးကို အလုံးစုံထိ န်းချုပ်လိုက်နိုင် ပြီဖြစ်သည်ဟု ဆိုထားသည်။
“နိုဝင်ဘာ ၃ ရက်နေ့ကတည်းက တိုက်တာ။ လက်နက်နဲ့ကျည်တွေမလုံလောက်လို့ ဒီလောက်ထိ ရက်ရှည်သွားတာ။ ၅ ရက်နေ့မှာတော့ ခမ်းပါတ်ရဲစခန်းက ရဲတွေ စခန်းကိုစွန့်ပြီး ထွက်ပြေးသွားကြတယ်” ဟု မြေပြင်ရှိ ရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် ခမ်းပါတ်မြို့ကို ထိန်းချုပ်လိုက်နိုင်သည့် အတွက် ပန်သာနှင့် တမူးမြို့တို့ကို ထောက်ပို့ပေးနေသည့် စစ်ကောင်စီထောက်ပို့လမ်းကြောင်းကို ဖြတ် တောက်နိုင် ပြီဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၂၇ ရက်နေ့တွင် စတင်သည့် MNDAA၊ TNLA၊ AA ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်များ၊ AA နှင့် KIA ပူးပေါင်းတပ်ဖွဲ့၀င်များက တိုက်ပွဲများဆင်နွှဲခဲ့သည်။
ထို့အတူ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းတို့ရှိ PDF ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့ဝင် များသည်လည်း နို၀င်ဘာလ ၃ ရက်နေ့ ကတည်းက စတင်၍ စစ်ဆင်ရေးများ ဖော်ဆောင်ကာ တပြိုင်နက်တည်း တိုက်ခိုက်မှုများကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ခရိုင်မြို့များဖြစ်သည့် ကောလင်းနှင့် တမူးခရိုင်ရှိ ခမ်းပါတ်မြို့တို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
#စစ်ကိုင်းတိုင်း #ခရိုင်မြို့များ #တမူးခရိုင်ခမ်းပါတ်မြို့ #PDFပူးပေါင်းအဖွဲ့ #မြို့သိမ်းတိုက်ပွဲ #အောင်မြင် #Ayeyarwaddy_Times