
ဧရာ၀တီတိုင်းမ်
နို၀င်ဘာဘ ၇ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်ရှုခင်းသာအထိ တအာင်းတပ်မတော် (TNLA) နှင့် မန္တလေး PDF တို့ ထိန်းချုပ်၍ လှုပ်ရှားနေပြီဖြစ်ကြောင်း သိရသည်။
ယနေ့ နို၀င်ဘာ ၇ ရက်နေ့တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်နှင့် မိုင်အနည်းငယ်သာကွာသည် နောင်ချိုမြို့၊ ဂုတ်ထိပ်ရှုခင်းသာကို မဟာမိတ်အဖွဲ့များ ထိန်းချုပ် လှုပ်ရှားနေပြီ ဖြစ်ကြောင်း ပေးပို့လာသည့် သတင်းဓာတ်ပုံများအရ သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့က နောင်ချိုဂုတ်ထိပ်တံတားအနီးတွင် မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက နောင်ချိုရှိ ဆမ်မဆယ်ကျေးရွာ အတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၍ ကျေးရွာအတွင်းရှိ လူနေအိမ်များမှ တန်ဖိုးရှိပစ္စည်း များကို ၀င်ရောက်ခိုးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
“ဒီနေ့ မနက်ကစပြီးတော့ မြို့စွန်တွေမှာရှိတဲ့ တပ်စခန်းနဲ့ ရဲကင်းစခန်းကနေ စစ်သားနဲ့ ရဲတွေစွန့်ခွာပြီး နီးစပ်ရာ တပ်ရင်းတွေဆီမှာ သွားပေါင်းနေတယ်လို့ ကြားတယ်”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
နောင်ချို-ပြင်ဦးလွင်လမ်းပိုင်းကို မဟာမိတ်အဖွဲ့များက စီးနင်းထားနိုင်သည့်အပြင် ဂုတ်ထိပ်တိုက်ပွဲ သတင်းများကြောင့် ပြင်ဦးလွင်နှင့် မန္တလေးရှိ အချို့ နေရာများတွင် စစ်ကောင်စီတပ်က အင်အားတိုးချဲ့ကာ ခံစစ်ပြင်ထားသလို စခန်းစွန့်ခွာ ပုန်းရှောင်နေ မှုများလည်း ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့ကတည်းက စတင်သည့် တိုက်ပွဲများတွင် နောင်ချိုမြို့နယ်မှ အုမ္မတီး၊ အုမ္မခါး၊ ဆမ်မဆယ်စသည့် ကျေးရွာများမှ ဒေသခံ ပြည်သူများကို မဟာမိတ်အဖွဲ့များက နေရာပြောင်းရွှေ့ပေးထားပြီး ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းတွင် စစ်ရေးပြင်းထန်နေသည့်အတွက် အသုံးမပြုရန် တားမြစ်ထား ကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့
#ရှမ်းမြောက် #နောင်ချိုဂုတ်ထိပ် #မဟာမိတ်အဖွဲ့များ #TNLAမန္တလေးPDF #ထိန်းချုပ် #Ayeyarwaddy_Times