ဧရာဝတီတိုင်းမ်
(မတူပီ)၊ နိုဝင်ဘာလ ၇ ရက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ခရိုင်ရုံးအနီးတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)နှင့် စစ်ကောင်စီတပ်တို့အကြား ယမန်နေ့၊ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး နှင့် တပ်သား တစ်ဦးသေဆုံး၍ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် စစ်ကောင်စီတပ်အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲ့၍ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ ဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး မတူပီ-ငလိုင်ကျေးရွာအကြားရှိ စောင်ထီယားကျေးရွာ လမ်းခွဲတွင် ချင်းကာကွယ်ရေး တပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ က လက်ဦးမှုရယူကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အခုစစ်ကောင်စီတပ်တွေ နောက်မဆုတ်သေးဘူး။ နှစ်ဖက်စစ်ရေးတင်းမာနေတယ်။ တိုက်ပွဲအချိန်မရွေးဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်ရင်း-၂ ဘက်မှာ သုံးလ အတွင်း အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရမ်းများလာတဲ့အတွက် စစ်ကြောင်းထိုးလာတာဖြစ်နိုင်တယ်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ ၊ တပ်ရင်းတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မတူပီခရိုင်ရုံးနှင့် နီးကပ်စွာ တပ်စခန်းချထားသော ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ ထံသို့ ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်၍ စစ်ကောင်စီတပ်ဖွဲ့ စုစုပေါင်း ၆ ဦးလက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီဖြစ်ကြောင်းတပ်ရင်း-၂ ထံက သိရသည်။

ဟားခါး-မတူပီလမ်းပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းကြောင့် ‌‌ဒေသခံများ အနေဖြင့် လက်နက်ကိုင်ဆောင်ခြင်းနှင့် အမဲလိုက်ခြင်းများမပြုလိုက်ကြရန် အသိပေး ထားပြီး တပ်ရင်း-၂ ဘက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ခြင်းကြောင့် ကျည်ဆံနှင့် ခဲယမ်းဝယ်ယူနိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် ငွေကြေးအားဖြင့် လည်းကောင်း ပါဝင်အားဖြည့်ပေးကြရန် တပ်ရင်း-၂ တပ်ရင်းမှူးက ဆိုသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ အတွက် လက်နက်ခဲယမ်း ဖြည့်တင်း နိုင်ရန်အတွက် ရံပုံငွေရှာဖွေရေးကံစမ်းမဲအစီအစဉ်ကို နိုဝင်ဘာမှ စတင်၍ ပြုလုပ် လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် Future Hope Foundation Pageကို တိုက်ရိုက်ဆက်သွယ်ကာ တပ်ရင်း-၂ အတွက် ပါဝင်လှူဒါန်းနိုင်သလို ကံစမ်းမဲ လက်မှတ်များကိုလည်း ဝယ်ယူအားပေးနိုင်ကြောင်းသိရသည်။

ဓာတ်ပုံ- ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂

#မတူပီခရိုင်ရုံးအနီး #ချင်းကာကွယ်ရေးတပ်ဖွဲ့မတူပီ #တိုက်ပွဲဖြစ်ပွား #စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဦးသေဆုံး #Ayeyarwaddy_Times