နွေဦးမောင် /ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၇ ရက်

စစ်ကောင်စီသည် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များအားလုံးကို ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့က စတင်၍လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ လုပ်ဆောင်လာနေကြောင်း ဒေသခံများ ထံကသိရသည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေးအင်အားစုများ နှင့် စစ်ကောင်စီတပ်တို့သည် မြန်မာနိုင်ငံ၏ နေရာအများစုတွင် တိုက်ပွဲများ ဖြစ်ပွား နေသောကြောင့် ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်သည် စစ်ကောင်စီ သတင်း ပေးများ၊ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် အတူ လုံခြုံရေးများကို ပိုမိုလုပ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

” သူတို့(စစ်ကောင်စီတပ်) အနေနဲ့ ဧရာဝတီတိုင်းဘက်ကို စစ်ရေးဖော်ဆောင်မှာ ကြောက်လို့နေမယ်။ သူတို့မှာ အင်အားက မရှိတော့ဘူးလေ။ တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတိုင်းမှာ စစ်ကောင်စီတပ်ဘက်ကပဲ အသေအပျာက် များနေတော့ ဧရာဝတီတိုင်း ထဲကို ရောက်လာမှာကို ကြောက်နေတာပေါ့။ အခုလုံခြုံရေးတင်းကျပ်ပြီး လုပ်ဆောင် နေတယ်ဆိုတာကလည်း ဟန်ပြသက်သက်လောက်ပဲ။ မြို့အဝင်အထွက်တွေနဲ့ တံတား တွေမှာရပ်ကျေးအုပ်ချုပ်ရေးမှုးတွေနဲ့ ပေါင်းပြီးလုပ်နေတာ” ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် မြို့ အဝင်/အထွက်များ၊ တံတားအောက်များ၊ တံတား ဘေးများတွင် ကင်းပုန်းများချထားကြောင်း ဒေသခံများထံက သိရသည်။

“ တံတားအောက်က မြစ်အစပ်တွေ၊ တံတားဘေးတွေမှာ ကင်းပုန်းတွေ ချထားတယ်။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့စစ်လို့ခေါ်နေတဲ့ ပျူစောထီးတွေနဲ့ နောက် အရမ်းတက်ကြွနေတဲ့ အုပ်ချုပ်ရေးမှူးတွေကပါ ဦးဆောင်နေတာ။ အခုစစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေဆိုတာကလည်း အရင်စစ်တပ်က ပြည်သူ့စစ် သင်တန်းပေးထားသူတွေများတယ်” ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူကဆိုသည်။

ဧရာဝတီတိုင်းတွင် မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိပြီး မြို့နယ်အားလုံးနီးပါးတွင် စစ်ကောင်စီက ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများနှင့်အတူ လုံခြုံရေး တိုးမြှင့်လုပ်ဆောင် နေကြောင်း ဒေသခံများထံကသိရသည်။

“ရဲတွေက ခုမှဟန်ကျနေကြတာ။ လုံခြုံရေးအကြောင်းပြပြီး ခရီးသွားပြည်သူတွေ သွားလာနေတဲ့ ဆိုင်ကယ်တွေဖမ်း၊ ပိုက်ဆံတောင်းပြီး ပျော်ပါးစားသောက်နေကြတာ။ အခုဆိုရင် မြို့ပေါ်မှာတင် ဆိုင်ကယ်ဖမ်းတာမဟုတ်တော့ဘူး။ ရွာတွေအထိကို ဆိုင်ကယ်ဖမ်းပြီး ငွေတောင်းနေကြတာ” ဟု မအူပင်မြို့ဒေသခံတစ်ဦးက ဆိုသည်။

#ဧရာဝတီတိုင်းမြို့နယ်အားလုံး #စစ်ကောင်စီ #လုံခြုံရေးတင်းကျပ် #Ayeyarwaddy_Times